Mandalay Free Rider(MFR) စက်ဘီးစီးအဖွဲ့က မန္တလေးမြို့မှာ တောင်သုံးတောင်ဖိတ်ခေါ် Mountain Bike စက်ဘီးစီးပြိုင်ပွဲနဲ့ တောင်အဆင်းလမ်းကြမ်း Downhill ပြိုင်ပွဲကျင်းပပေးသွားမယ်လို့ အောက်တိုဘာလ (၉)ရက်က မန္တလေးမြို့အော်ရီရန်တယ်ဟောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။

အခုကျင်းပပြုလုပ်မယ့်စက်ဘီးစီးပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ကြီးမှူးပြီး Mandalay Free Rider(MFR) စက်ဘီးစီးအဖွဲ့မှ ဦးစီးကျင်းပမှာ ဖြစ်ပါတယ်။ ဒီစက်ဘီးစီးပြိုင်ပွဲကိုပြည်တွင်းကစက်ဘီးစီးဝါသနာပါသူတွေနဲ့လက်ရွေးစင်တွေအတွက်ပါအတွေ့ကြုံကောင်းတွေ ရရှိစေဖို့ဖြစ်ပြီး တောင်ဆင်းတောင်တက်လမ်းတွေမှာပါစီးနင်းယှဉ်ပြိုင်ရမှာကြောင့် စိတ်လှုပ်ရှားစရာဖြစ်စေမယ့် စက်ဘီးစီးပြိုင်ပွဲတစ်ခု ဖြစ်တယ်လို့ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းက ပြောပါတယ်။

အခုစက်ဘီစီးအားကစားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်သူတွေအနေနဲ့မန္တလေးမြို့ကမန္တလေးတောင်၊ ရန်ကင်းတောင်နဲ့ရေတံခွန်တောင်တွေမှာစီးနင်းယှဉ်ပြိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။ ပြိုင်ပွဲမှာ Mountain Bike စက်ဘီးစီးပြိုင် ပွဲအဖြစ် ၇၈ လမ်း Dimaond Plaza မှ ထူးမတောင်ထိ ၃၇ ကီလိုမီတာ နဲ့ တောင်အဆင်းလမ်းကြမ်း Downhill ပြိုင်ပွဲမှာ နေကာတောင်ထိပ်မှ တောင်ခြေအဆုံးထိ(၁၈၅၀) မီတာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Mountain Bike စက်ဘီးစီးပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်(Pro 1)၊ဆုရရှိပြီးသူ(Pro 2) နဲ့ အသက် (၂၅) နှစ်အောက် မှ အသက် (၆၀) အထက် အမျိုးသား၊ အမျိုးသမီး အတန်း (၈) တန်းခွဲကာယှဉ်ပြိုင်ရမှာဖြစ်ပြီး တောင်အဆင်းလမ်းကြမ်း Downhill ပြိုင်ပွဲမှာ အတန်း (၃) တန်းခွဲယှဉ်ပြိုင်ရမှာတော့ ဖြစ်တယ်လို့ သိရပါတယ်။ Mountain Bike စက်ဘီးစီးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် (၄၀၀) ခန့် နဲ့ တောင်အဆင်းလမ်းကြမ်း Downhill ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် (၄၀) ခန့်ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံ မှဝါသနာရှင်တွေကလည်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမြို့မှာ Mountain Bike စက်ဘီးစီးပြိုင်ပွဲနဲ့ တောင်အဆင်းလမ်းကြမ်း Downhill ပြိုင်ပွဲကို အောက် တိုဘာလ (၁၄) ရက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆုတွေကိုတော့ ပထမဆုမှ ပဉ္စမဆု အထိ ပေးအပ်သွားမှာဖြစ်ပြီး ငွေကျပ် ၃သိန်း ကနေ ၅ သောင်းကျပ်အထိ ချီးမြှင့်သွားမယ်လို့သိရပါတယ်။ 

 

Related News