ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလာမှုကဏ္ဍ တိုးမြှင့်ဖို့ မြို့တွင်းက အထင်ကရနေရာတွေနဲ့ ပန်းခြံတွေကို လမ်းလျှောက်လမ်းကြောင်းအတိုင်း လည်ပတ်နိုင်မယ့် (Walking Path)လမ်းကြောင်း၊ ခရီးစဉ်တွေ တွေဖန်တီးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ(၄)ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ 

ရန်ကုန်မြို့တွင်းမှာ Walking Path တွေကို ဘုရားတစ်ဆူနှင့်တစ်ဆူ၊စိတ်ဝင်စားဖွယ်နေရာတစ်ခုနှင့်တစ်ခု စတဲ့ပုံစံမျိုးတွေ ချိတ်ဆက်ပြီး ခရီးသွားလာရေးကဏ္ဍကို ပိုမို တိုးမြင့်အောင်လုပ်ဆောင်ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက လွတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။ (Walking Path) (Walking Tour)တွေမှာ လမ်းလျှောက်လည်ပတ်နိုင်ဖို့နဲ့ လည်ပတ်ရာလမ်းကြောင်းမှာလည်း  မြန်မာ့ယဉ်ကျေးမှုပစ္စည်းတွေ၊အစားအစာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချဖို့ ဆိုင်ခန်းနေရာတွေ ပါဝင်မှာဖြစ်ပြီး ဘဏ္ဍာငွေတိုးတက်ရရှိနိုင်သလို ဒေသခံတွေနဲ့ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းတွေအတွက်လည်း အထောက်အကူပြုနိုင်တယ်လို့လည်း ဒေါ်ကြည်ပြာက ပြောပါတယ်။

ခရီးသွားတွေအနေနဲ့ ရန်ကုန်မြို့ကို လည်ပတ်ရာမှာ  မြို့တွင်း(၆)မြို့နယ် အတွင်းရှိ သာသနိကအဆောက်အအုံတွေ၊ ကိုလိုနီခေတ် လက်ရာအဆောက်အအုံတွေ၊ ပန်းခြံတွေနှင့် အခြားစိတ်ဝင်စားဖွယ်ရာ နေရာတွေကို ဦးစွာလည်ပတ်လေ့လာလေ့ရှိပြီး ပြီးမှသာ အခြားမြို့နယ်တွေက စိတ်ဝင်စားဖွယ်ရာနေရာများကို လည်ပတ်ကြတယ်လို့သိရပါတယ်။

  ဒါ့ကြောင့် ဒီလို (Walking Tour)တွေကို မဖြစ်မနေရောင်းချဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

ဥပမာအနေနဲ့ ဆူးလေဘုရား-မြို့တော်ခန်းမ- မဟာဗန္ဓုလ ပန်းခြံ၊ တရားရုံးချုပ်- ကြေးနန်းရုံး - မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဆောက်အဦ-အာမေးနီးယန်းဘုရားရှိခိုးကျောင်း - ဝန်ကြီးများရုံး- စိန့်မေရီဘုရားရှိခိုးကျောင်း စသည့်နေရာများကို လမ်းလျှောက်လမ်းကြောင်း (Walking Path)အဖြစ် ရေးဆွဲနေတယ်လို့ဝန်ကြီးကပြောပါတယ်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(YHT)ကလည်း ရန်ကုန်မြို့ရဲ့အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လေ့လာခြင်းတွေအတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းလမ်းလျှောက်ခရီးစဉ် (Walking Tour)တွေကို လက်ရှိမှာလည်း စီစဉ်ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

 

Related News