ကမ္ဘာ့ကုလသမဂ္ဂ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဦးသန့့်် ရဲ့အထိမ်းအမှတ် ဦးသန့်စာကြည့်တိုက်နှင့်ပြတိုက် ကို ဦးသန့်ရဲ့ ဇာတိမြို့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့မှာ တည်ဆောက်လျှက်ရှိတယ်လို့ ပန်းတနော်မြို့နယ်အသင်း(ရန်ကုန်)မှ သိရပါတယ်။ ဦးသန့်ဟာ မြန်မာနိုင်ငံသားသံတမန်တစ်ဦးဖြစ်ကာ ၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ လည်း ဖြစ်ပါတယ်။

ဦးသန့့်် အထိမ်းအမှတ် ဦးသန့်စာကြည့်တိုက်နှင့်ပြတိုက်ကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ မှာ ၂၀၁၂ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်မှု ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာတော့ ပန်းတနော်မြို့နယ်အသင်း(ရန်ကုန်)က ဦးဆောင်ကာ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ လက်ရှိတည်ဆောက်မှု အခြေအနေတွေကိုတော့ ပန်းတနော်မြို့နယ်အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်ခိုင်က အခုလို ပြောပါတယ်။ 

ဦးသန့်အမှတ်တရပြတိုက်ကိုတော့ ရန်ကုန်မြို့ က ဦးသန့်နေအိမ်မှာလည်း တည်ဆောက်ထားသလို ဦးသန့်ရဲ့ဇာတိမြို့ဖြစ်တဲ့ ပန်းတနော်မြို့နယ်မှာတော့ အမှတ်တရဖြစ်အောင် တည်ဆောက်တာ လို့ သိရပါတယ်။ စာကြည့်တိုက်မှာတော့ အထွေထွေဗဟုသုတ စာအုပ်များ၊ သုတရသစာအုပ်များ၊ ဦးသန့်ရဲ့ အမှတ်တရစာအုပ်တွေကို ထားရှိမှာ ဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထမ်းဆောင်စဉ်က အမှတ်တရတွေကို ပြသသွားမှာ ဖြစ်တယ်လို့ ပန်းတနော်မြို့နယ်အသင်း(ရန်ကုန်) အတွင်းရေးမှူး ဦးထွန်းလင်းက ပြောပါတယ်။ 

ဦးသန့်ဟာ  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ချုပ် ရဲ့အထွေထွေအတွင်းရေးမှူးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဦးဆုံး အာရှတိုက်သား မြန်မာလူမျိုးဖြစ်ပါတယ်။  ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ ကနေ ၁၉၇၂ ခုနှစ် ဇန်န၀ါရီ ၁ရက်နေ့  အထိ အထွေထွေအတွင်းရေးမှူးချူပ်ရာထူးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာ (၂၅) ရက်မှာ နယူးယောက်မြို့မှာ အဆုတ်ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ဦးသန့်ရဲ့ရုပ်ကလပ်ကို ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကန်တော်မင်ပန်းခြံအနီးတွင် ဂူသွင်းင်္သဂြိုဟ်ထားတယ်လို့ သိရပါတယ်။

 

 

Related News