မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်တဲ့ ဘောလုံးအခြေခံသင်တန်းကို နိုဝင်ဘာလ(၁၅)ရက် မန္တလေးမြို့၊ ဗထူးအားကစားကွင်းမှာဖွင့်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုသင်တန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ Youth Development Pilot Project Committee(YDPP) က ဦးစီးပြီး ဒုတိယအကြိမ်ဖွင့်လှစ်တာဖြစ်ပါတယ်။ အခုလိုဘောလုံးအခြေခံသင်တန်းဖွင့်လှစ်တာဟာ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ မျိုးဆက်သစ်လူငယ် ဘောလုံးအားကစားသမားတွေထွက်ပေါ်လာစေဖို့ အခြားခရိုင်တွေမှာ အခုလိုအခြေခံဘောလုံး သင်တန်း နဲ့ အားကစားလှုပ်ရှားမှုတွေပေါ်ပေါက်လာစေဖို့၊ ဘောလုံးကိုစိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့လည်း ခြေခံဘောလုံး အားကစား နည်းစနစ်တွေကို စနစ်တကျသိရှိစေဖို့အတွက် ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဘောလုံးအခြေခံသင်တန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။ ဒီသင်တန်းမှာ မန္တလေးခရိုင်အတွင်းက မြို့နယ် (၇) မြို့နယ်မှ သင်တန်းသား (၃၇၀) ကျော် ရွေးချယ်ထားတာဖြစ်ပြီး သင်တန်းနည်းပြ (၂၀)ဦးက သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ သင်တန်းသားများကို အသက် (၁၁) နှစ် မှ (၁၃) နှစ် ထိရွေးချယ်ထားတာဖြစ်ပြီး သင်တန်းကာလမှာ တစ်ပတ်ကို လေးရက်တတ်ရောက်ရမှာဖြစ်ကာ သင်တန်းချိန်မှာ ညနေ (၃)နာရီခွဲ မှ (၅)နာရီခွဲထိ သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Development Pilot Project Committee (YDPP) အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှာလည်း (၁၁) နှစ်အရွယ် ကျောင်းသား (၃၀၀) ကျော်ကို ထပ်မံခေါ်ယူပြီး ဘောလုံးအခြေခံသင်တန်းကို လေးနှစ်ဆက်တိုက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။

 

 

Related News