ဒီဇင်ဘာလ(၁)ရက်မှာ ကျရောက်တဲ့ World Aids Day အထိမ်းအမှတ်အဖြစ် ကမ္ဘာခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကို ဆည်းဆာရောင်ခြည်ပြန်လည်ထူထောင်ရေးစင်တာ က ဦးစီးပြီး ဒီဇင်ဘာလ(၁)ရက်က အမှတ်(၅၉၀၊၅၉၁)၊စီမံကိန်းပတ်လမ်း ၊(၁၉/၄၈)ရပ်ကွက်၊ ရွှေပြည်သာ မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်က HIV ပိုးကူစက်ခံထားရသူများအားလုံး ဆေးဝါးကုသမှုခံယူနိုင်ဖို့အတွက် သတင်းအချက်အလက်များဖြန့်ဝေပေးခြင်း၊  မျိုးဆက်သစ်လူငယ်များအကြား HIV ပိုးကူးစက်ခံရခြင်းဘေးမှ ကင်းဝေးစေရန် အသိပပညာဗဟုသုတဖြန့်ဝေပေးခြင်းပြုလုပ်ပေးတာတွေအပြင်   နှစ်သိမ့်ဆွေးနွေးပညာပေးတဲ့နေရာ၊ သွေးစစ်ပေးတဲ့နေရာနဲ့ ART ဆေးဝါးအခမဲ့ ရရှိတဲ့နေရာတွေကို လမ်းညွှန်ပေးခြင်းစတာတွေကို သိရှိစေဖို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ အခမ်းအနားမှာ  ခုခံအားကျဆင်းမှုရဲ့ကူးစက်ရောဂါတွေက လိင်အပျော်အပါးလိုက်စားသူများ၊  မူးယစ်ဆေးကို သွေးကြောထဲထိုးသွင်းသူများ၊  ကာလသားရောဂါဖြစ်ဖူးသူများနဲ့ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်မှ မွေးလာတဲ့ ကလေးငယ်ကိုပါ ကူးစက်နိုင်ကြောင်း ကို  ပြည်သူတွေအသိပညာဗဟုသုတရရှိစေရန် ဟောပြောပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ရောဂါပိုးရှိတဲ့ လူနာကိုကြည့်ရှုစောင့်ရှောက်ရသောသူတွေအတွက် ကာကွယ်ပုံ ကာကွယ်နည်း၊ရောဂါပိုးရှိသူနဲ့ အတူသွားလာနေထိုင်၊စားသောက်ရုံနဲ့ မကူးစက်နိုင်ကြောင်းကိုလည်း ဟောပြောပွဲမှာပြောပြခဲ့တာဖြစ်ပါတယ်။ 

ဆည်းဆာရောင်ခြည် ပြန်လည်ထူထောင်ရေးစင်တာအနေနဲ့   ကမ္ဘာခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပထမအကြိမ်ပြုလုပ်တာဖြစ်ပြီး ကျန်းမာရေးဟောပြောပွဲတွေအပြင် ဖျော်ဖြေရေး အစီအစဉ်များ၊စတုဒီသာ ကျွေးမွေးတဲ့ အစီအစဉ်များလည်းပါဝင်တာ ဖြစ်ပါတယ်။

 

Related News