အခုနှစ်ဒီဇင်ဘာလမှာ ကျင်းပမယ့် ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ် ပြင်ဦးလွင်(၁၃)ကြိမ်မြောက်ပန်းပွဲတော်မှာ ပြည်တွင်းပြည်ပက ပန်းမျိုးစိတ်တွေနဲ့ စိုက်ပျိုးထားတဲ့ ပန်းအပင်အရေအတွက် ၃ သိန်းဝန်းကျင်ကိုထူးခြားတဲ့ ပြင်ဆင်မှု အသစ်တွေနဲ့ ခင်းကျင်းပြသသွားမယ်လို့ ဒီဇင်ဘာလ(၁)ရက်က ပြင်ဦးလွင်မြို့ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ရှင်းလင်း ဆောင်မှာ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲကသိရပါတယ်။ ယခုနှစ် အမျိုးသားကန်တော်ကြီးဥယျာဉ် ပြင်ဦးလွင် (၁၃)ကြိမ်မြောက်ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ရက်မှာ စတင်ဖွင့်လှစ်ကျင်းပသွားမှာပါ။ ပန်းပွဲတော်အတွက် အရင်နှစ်တွေနဲ့မတူတဲ့ပြင်ဆင်မှုတွေနဲ့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပြည်တွင်းမျိုးစိတ်(၃၆)မျိုးအပြင်တရုတ်၊ ဂျပန်ကပန်းမျိုးစိတ်တွေကိုလည်း စိုက်ပျိုးပြသပေး မှာဖြစ်ပြီး ပန်းပင်အရေအတွက်၃သိန်းဝန်းကျင်စိုက်ပျိုးပြသမယ်လို့သိရပါတယ်။ ပန်းပွဲတော်အပြင်အဆင်ဒီဇိုင်းပိုင်းကို ချင်းမိုင်မှ Garden & Friends အဖွဲ့နဲ့ ပူးပေါင်းထားပြီး ပန်းမျိုးစေ့နဲ့စိုက်ပျိုးတာကိုဂျပန်နိုင်ငံ Fukusuke ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက် ထားတယ်လို့သိရပါတယ်။ ပန်းပွဲတော်အတွက် ဇူလိုင်လဝန်းကျင်ကတည်းက စတင်ပြင်ဆင်ခဲ့တာ ဖြစ်ပြီးလက်ရှိမှာ (၈၀) ရာခိုင်နှုန်းဝန်းကျင်ပြင်ဆင်ပြီးဖြစ်တယ်လို့သိရပါတယ်။ပန်းပွဲတော်ကို ဒီဇင်ဘာ၁၅ရက်မှ ဇန်နဝါရီ၁၅ရက်အထိ(၁)လကြာပြသသွားမယ်လို့သိရပါတယ်။

ပန်းပွဲတော်မှာဒေသပန်း၊ ရာသီပန်းအလှပြိုင်ပွဲ၊ သစ်ခွပန်းပြိုင်ပွဲ၊ ပန်းထိုးပြိုင်ပွဲ၊ ပန်းပွဲတော်အထိမ်းအမှတ်ဓါတ်ပုံပြိုင်ပွဲတွေကိုလည်း ထည့်သွင်း ကျင်းသွားမှာဖြစ်ပြီး အခြားပျော်ပွဲရွှင်ပွဲ၊ ဈေးရောင်းပွဲ၊ ဖျော်ဖြေပွဲတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ ပန်းပွဲတော်ကျင်းပ နိုင်ဖို့ကဏ္ဍအားလုံးအတွက် ငွေကျပ်သိန်း၂၄၀၀ဝန်းကျင်ကုန်ကျခံပြင်ဆင်ထားတယ်လို့သိရပါတယ်။

ပန်းပွဲတော်ရက်အတွင်း အမျိုးသားကန်တော်ကြီးဥယျာဉ်ပြင်ဦးလွင်ဝင်ကြေးကိုပုံမှန်ရက်တွေအတိုင်း ကလေး၅၀၀၊ လူကြီး၁၀၀၀ကျပ်နဲ့သာ ကောက်ခံမယ်လို့ သိရပါတယ်။ပြီးခဲ့နှစ်(၁၂)ကြိမ်မြောက်အမျိုးသားကန်တော်ကြီးဥယျာဉ် ပြင်ဦးလွင်ပန်းပွဲတော်ကိုပန်းပွဲတော်ကာလ ဒီဇင်ဘာလ၁၅ရက်မှ ၃၁ရက်အတွင်း လူဦးရေ၃သိန်း၉သောင်းကျော် ဝင်ရောက်ခဲ့ပြီးနိုင်ငံခြားသားဧည့်သည် ၁၇၀၀ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားကန်တော်ကြီးဥယျာဉ်ပြင်ဦးလွင်ကို ၁၉၂၄ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News