အလွတ်တန်း ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သူ ကိုစစ်ထက်အောင်ကိုယ်တိုင် နာဂဒေသမှာ ရက် ၂၀ ကျော်ကြာ သွားရောက်သတင်းယူစဉ်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်တွေကို ရေးသားထားတဲ့ လမ္မစာအုပ်ကို ဒီဇင်ဘာလ ၁ ရက်က Yangon Book Plaza မှ မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ဝက်သက်ရောဂါကြောင့် နာဂဒေသရှိ လူလေးဆယ်ကျော် သေဆုံးခဲ့မှုအကြောင်းကို သတင်းသွားရောက် ရယူခဲ့တဲ့ ကိုစစ်ထက်အောင်က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့တာပါ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သွားလာရေးခက်ခဲတဲ့အပြင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစတာတွေ မဖွံ့ဖြိုးသေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသကို လူတွေ သတိထားမိလာစေဖို့ပဲ ဖြစ်တယ်လို့ ကိုစစ်ထက်အောင်က ဆိုပါတယ်။စာအုပ်မိတ်ဆက်ပွဲမှာ နာဂဒေသကို သွားရောက်ခဲ့စဉ်က ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေကိုပါ ပြသခဲ့ပြီး ဝယ်ယူပြီး စာအုပ်တွေမှာ စာရေးသူကိုယ်တိုင် လက်မှတ်ထိုးပေးတဲ့ အစီအစဉ်လည်း ပြုလုပ်ခဲ့ပါတယ်။  နာဂဒေသအကြောင်း ရေးသားထားတဲ့ ဒေသန္တရနှင့် ခရီးသွားစာပေ အမျိုးအစား လမ္မစာအုပ်ကို ငွေကျပ် သုံးထောင့်ငါးရာနဲ့ စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနေပြီ ဖြစ်ပြီး အုပ်ရေ တစ်ထောင် ထုတ်ဝေထားတယ်လို့သိရပါတယ်။  

 

 

Related News