အခုနှစ်အစပိုင်းကတည်းက အကောက်ခွန်တွေတိုးကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေတဲ့အမေရိကန်နဲ့တရုတ်နိုင်ငံတို့ဟာ အကောက်ခွန်ထပ်တိုးကောက်တာတွေရပ်ထားဖို့ သဘောတူခဲ့ပါတယ်။ ဒီဇင်ဘာလ(၁)ရက်က အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေ ရိစ်မြို့မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့တွေ့ဆုံခဲ့ပြီး သဘောတူခဲ့ကြတာလို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယီကပြောပါတယ်။ (၂)နိုင်ငံစလုံးရဲ့ဈေးကွက်တွေထပ်ပြီးဖွင့်လှစ်ဖို့လည်း ခေါင်းဆောင်(၂)ဦးသဘောတူခဲ့တာပါ။ (၁၃)ကြိမ်မြောက်G-20နိုင်ငံများ၏ခေါင်းဆောင်များထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်(၂)ဦးကြားဖြတ်တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး အခုခေါင်းဆောင်(၂)ဦးရဲ့ဆွေးနွေးမှုတွေကို ကုန်သွယ်ရေးတင်းမာမှုလျှော့ချရေးဆွေးနွေးညှိနှိုင်းနေကြတဲ့ လုပ်ငန်းအဖွဲ့ တွေက လိုက်နာသွားမယ်လို့ တရုတ်နိုင်ငံရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ တရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်း အမေရိကန် ဒေါ်လာဘီလီယံ(၂၅၀)ဖိုးလောက်ကို အမေရိကန်ဘက်ကအခွန်တိုးကောက်ထားပြီး အမေရိကန်နိုင်ငံက တင်သွင်းတဲ့ကုန်ပစ္စည်း အမေရိကန်ဒေါ်လာဘီလီယံ(၁၁၀)ကျော်လောက်ကို တရုတ်ဘက်က အခွန်တိုးကောက်ထား ပါတယ်။

 

 

Related News