ဝေးလံခက်ခဲတဲ့ဒေသတွေက ပြည်သူလူထုအတွင်း HIV/AIDS ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်ပေးပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ မိခင်မှ ကလေးကို HIV ပိုး ကူးစက်မှု လုံးဝပပျောက်တဲ့ အထိ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထား တယ်လို့ ဒီဇင်ဘာလ (၁)က မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ပြုလုပ်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်ပွဲက သိရပါတယ်။ မြန်မာနိုင်ငံမှာ မိခင်မှကလေးကို HIV ပိုး ကူးစက်မှုမှ ကာကွယ်ခြင်း လုပ်ငန်းကို ၂၀၀၀ ခုနှစ်က စတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ်မှာ ကိုယ်ဝန်ဆောင် သုံးသိန်းနှစ်သောင်းကျော် သွေးစစ်ဆေးပေးနိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်ကုန်အထိ ကိုယ်ဝန်ဆောင် ရှစ်သိန်းငါးသောင်းကျော်ကို သွေးစစ်ပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ HIV ဖြစ်ပွားမှုနှုန်းဟာ ၂၀၁၁ ခုနှစ်မှာ ၀.၈၄ ရာခိုင်းနှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာ ၀.၅၇ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခု ၂၀၁၈ ခုနှစ်မှာ မြို့နယ်အခြေပြု HIV ပိုး ကူးစက်မှုမှကာကွယ်ခြင်း လုပ်ငန်းကို မြို့နယ်ပေါင်း (၃၁၉) မြို့နယ်အထိ တိုးချဲ့ဆောင် ရွက်နိုင်ခဲ့ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ မိခင်မှ ကလေးကို HIV ပိုး ကူးစက်မှု လုံးဝ ပပျောက်တဲ့အထိ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

ဦးဆောင်လမ်းညွှန်မှုနဲ့ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်ကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး HIV ရောဂါကာကွယ်ရေးနဲ့ ပြုစုကုသစောင့်ရှောက်ရေး လုပ်ငန်းတွေကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းနဲ့ အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် HIV ပိုးကူးစက်ဖို့ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူတွေ၊ အမျိုးသမီး လိင်လုပ်သားတွေနဲ့ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေ၊ ထောင်တွင်းအကျဉ်းကျနေသူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို သွေးစစ်ပေးတဲ့ လုပ်ငန်းတွေ ပိုပြီးလွှမ်းခြုံမှုရှိစေဖို့၊ HIV ပိုးကူးစက်ခံ နေရသူတွေကို အေအာတီဆေးဝါးရရှိစေဖို့၊ HIV ပိုးရှိ လူနာတွေကို စဉ်ဆက်မပြတ် ပြုစုကုသစောင့်ရှောက်နိုင်ဖို့နဲ့ ခွဲခြားနှိမ့်ချမှုကင်းစင်ရေး ပပျောက်စေဖို့ စတာတွေကို ဆက်လက်ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

အခုကျင်းပတဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ သွေးစစ်ပေးတဲ့ အစီအစဉ်တွေ၊ ကျောင်းသားကျောင်းသူတွေအတွက် ဂိမ်းကစားတဲ့ အစီအစဉ်တွေ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ ပညာပေးပြခန်းတွေ ပါဝင်ပြသထားတယ်လို့ သိရပါတယ်။

 

 

Related News