အင်္ဂလန်နိုင်ငံ၊ လန်ဒန်အခြေစိုက် Financial Times မှ ကျင်းပပြုလုပ်တဲ့ ၂၀၁၈ ခုနှစ်အတွက် နိုင်ငံအလိုက် စွမ်းဆောင်ရည် အကောင်း ဆုံးဘဏ်ဆု Bank of the Year in Myanmar 2018 ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံအတွက် ဘဏ်လုပ်ငန်း ဆိုင်ရာ စွမ်းဆောင်ရည်အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဘဏ်ဆုကို ဆဋ္ဌမအကြိမ်မြောက် (၆)နှစ်ဆက်တိုက် လက်ခံရရှိခဲ့ပါတယ်။ဒီဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂၉)ရက်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Sheraton Grand London Park Lane Hotel ခန်းမ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 


ဒီပွဲမှာ (၂၀၁၈)ခုနှစ်အတွက် နိုင်ငံအလိုက် ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်မှုအကောင်းဆုံးဆုများ ချီးမြှင့်ရာမှာ မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်နဲ့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ China Construction Bank၊ ဂျပန်နိုင်ငံမှ Mitsubishi UFJ Financial Group၊ အမေရိကန်နိုင်ငံမှ Bank of America၊ အင်္ဂလန်နိုင်ငံမှ Lloyds(လောရော့ထ်) Banking Group အပါအဝင်နိုင်ငံပေါင်း (၁၄၁)နိုင်ငံမှ သက်ဆိုင်ရာ ဘဏ်အဖွဲ့စည်းများမှလည်း ဆုများအသီးသီးရရှိခဲ့ကြတယ်လို့သိရပါတယ်။တစ်ကမ္ဘာလုံးဆိုင်ရာ Global Bank of the Year 2018 ဆုကို စင်္ကာပူနိုင်ငံမှ DBS Bank က ရရှိခဲ့တယ်လို့ သိရပါတယ်။


ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုင်ငံအလိုက် ဆုရရှိတဲ့ ဘဏ်အဖွဲ့အစည်းများမှ နာယကများ၊ ဥက္ကဋ္ဌများ၊ CEO များနဲ့ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နဲ့ အဆင့်မြင့် အရာရှိများ တက်ရောက်ခဲ့ကြပြီး Bank of the Year in Myanmar 2018 ဆုကိုတော့ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း က  လက်ခံရယူခဲ့ပါတယ်။

Bank of the Year in Myanmar 2018 ဆုကို ကမ္ဘောဇဘဏ်က ရရှိတာဟာ ၂၀၁၈ ခုနှစ်အတွင်း KBZPay ကဲ့သို့ ကမ္ဘာ့အဆင့် Digital Banking Application ကို နည်းပညာအသစ်များဖြင့် မိတ်ဆက်ပေးနိုင်ခဲ့တဲ့အပြင် နိုင်ငံရဲ့ ဘဏ္ဍာရေးနယ်ပယ်တွေမှာလည်း အဓိက ဦးဆောင်သူဖြစ်တာကြောင့် ဆဋ္ဌမအကြိမ်မြောက် (၆)နှစ်ဆက်တိုက် ဒီဆုကို ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News