နေပြည်တော်မှာကျင်းပမယ့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲမှာ အားကစားနည်း (၁၇)နည်းပါဝင်မှာဖြစ်ပြီး ဒီအားကစားနည်းတွေထဲကမှ ရေကူးအားကစားနည်းက ရွှေတံဆိပ်ဆုအများဆုံး ချီးမြင့်သွားမယ့် အားကစားနည်းပါ။မြန်မာတက္ကသိုလ်ရေကူးအားကစားအဖွဲ့က ဒီပြိုင်ပွဲမှာ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၇)ဦး စုစုပေါင်း(၁၈)ဦးပါဝင်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ကစားသမားရွေးချယ်ရာမှာ အခက်အခဲရှိတာ ကြောင့် ရွှေတံဆိပ်ရရှိဖို့ အခက်အခဲရှိနိုင်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူက ပြောပါတယ်။ဒီပြိုင်ပွဲကို ထိုင်းနိုင်ငံမှ (၂၄)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၂၃)ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ (၃)ဦး၊ စင်ကာပူနိုင်ငံမှ (၂)ဦးနဲ့ အိမ်ရှင်မြန်မာနိုင်ငံက (၁၈)ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရေကူးကစားနည်း မှာ အပြည်ပြည်ဆိုင်ရာစံနှုန်းများအတိုင်း ပွဲစဉ်ပေါင်း (၄၀)ကျင်းပသွားမှာဖြစ်ပြီး ရွှေတံဆိပ်(၄၀)ခုထိ ချီးမြင့် သွားမှာပါ။ ပြိုင်ပွဲမှာ မြန်မာတက္ကသိုလ်အားကစားအဖွဲ့က တစ်ဦးချင်းပွဲစဉ်(၃၀)နဲ့ အသင်းလိုက်ပွဲစဉ်(၆)ပွဲ တို့မှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေထဲမှာ  လက်ရွေးစင်ကစားသမား(၆)ဦးထိ ပါဝင်တယ်လို့ သိရပါတယ်။အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲမှာ ရေကူးအားကစားနည်းရဲ့ ပွဲစဉ်တွေကို ဒီဇင်ဘာလ (၁၁)ရက်မှ (၁၅)ရက်အထိ တစ်နေ့ကို(၈)ပွဲနှုန်းနဲ့ ၀ဏ္ဏသိဒ္ဓိမိုးလုံလေလုံရေကူးကန်မှာကျင်းပသွားမှာဖြစ်ပါတယ်။

 

 

Related News