မြန်မာ့ရိုးရာတူရိယာတွေထဲက မြန်မာ့ဆိုင်းဝိုင်းကို ယနေ့အချိန်ထိ ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေနေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာ့ဆိုင်းဝိုင်းဆိုတာ အဖွဲ့အစည်းနဲ့ ပူးပေါင်းတီးခတ်ဖျော်ဖြေရတာတဲ့ အနုပညာဖြစ်ပါတယ်။ မြန်မာ့ဆိုင်းဝိုင်း ပညာရပ်ကိုတော့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရဲ့ ဂီတပညာဌာနမှာတော့ ဂီတပညာရပ်တွေဖြစ်တဲ့ မြန်မာသီချင်း ကြီး အသံပိုင်း၊ စောင်း၊ ပတ္တလား၊ နှဲ၊ တယော၊ စန္ဒရားစတဲ့ ဂီတပညာရပ်တွေအပြင် စုပေါင်းတီးခတ်ဖျော် ဖြေရတဲ့ ဆိုင်းဝိုင်း ပညာရပ်ကိုပါ သင်ကြားပေးဖြစ်တယ်လို့ ပြောပါတယ်။

ဆိုင်းဝိုင်းပညာရပ်ကိုတော့ ပညာသင်နှစ်ရဲ့ တတိယနှစ်မှသာ သင်ကြားပေးဖြစ်တယ်လို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရဲ့ ဂီတပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်ပြုံးမြမြကြည်က ပြောပါတယ်။မြန်မာ့ဆိုင်းဝိုင်းပညာကို သင်ကြားဖို့အတွက်ကတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ အခြေခံဂီတပညာရပ်တွေကို အရင်သင်ကြားရပါတယ်။ ဆိုင်းဝိုင်းမှာတော့ ကြေးဝိုင်း၊ မောင်းဆိုင်း၊ ဒိုးချောင်၊ ခြောက်လုံးပတ်၊ နှဲဆရာ၊ စည်းနဲ့ဝါးတို့ကို သင်ကြားရတာဖြစ်ပါတယ်။ ဆိုင်းဝိုင်းပညာကို စတင်သင်ကြားရတော့မယ်ဆိုရင် စည်းနဲ့ဝါးကို စတင်သင်ကြားရပါတယ်။ ဆိုင်းဝိုင်းသင်ရာမှာတော့ တန်၊ တျာ၊ သီတာ၊ သာယာ၊ ဝေလာ၊ ထွေလာစတဲ့ အခြေခံကြိုးသီချင်း (၁၃)ပိုဒ်ကို အရင်သင်ယူ ရတယ်လို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရဲ့ ဂီတပညာဌာနမှ နည်းပြဖြစ်သူ  ဦးဟန်ဝင်းအောင်က ပြောပါတယ်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရဲ့ ဂီတပညာဌာနမှ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကလည်း သက်ဆိုင်ရာ ဂီတပညာရပ်တွေကို သင်ကြားနေရပေမဲ့ တတိယနှစ်ရောက်ရင်တော့ မြန်မာ့ဆိုင်းဝိုင်းပညာကို မဖြစ်မနေ သင်ကြား ရတာလည်း ဖြစ်ပါတယ်။ မြန်မာ့ဆိုင်းဝိုင်းကို သင်ကြားမှုနဲ့ ပတ်သက်ပြီး ကြိုးစားခဲ့မှုတွေကို ကျောင်းသူတစ်ဦး ဖြစ်တဲ့ မပွင့်ဟန်ချိုက အခုလို ပြောပါတယ်။မြန်မာ့ဆိုင်းဝိုင်းဟာ မြန်မာတို့ရဲ့ယဉ်ကျေးမှုမှာ အရေးပါအရာရောက်တဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တာကြောင့် နိုင်ငံတော် ဆိုင်းဝိုင်းဖွဲ့စည်းပြီး ထုတ်ဖော်ထိန်းသိမ်းလျက်ရှိတယ်လို့လည်း သိရပါတယ်ရှင်။

 

 

Related News