HITACHI ပင်မကုမ္ပဏီကြီးရဲ့ လက်အောက်ကကုမ္ပဏီခွဲတွေ၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဆုကို ချီးမြှင်ပေးတာဖြစ်ပြီး  အရှေ့တောင်အာရှဒေသအတွက်  မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ HITACHI- SOE လျှပ်စစ်ကုမ္ပဏီက ပထမဆုရရှိခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ ဆုလက်ခံရယူကာ ဒီဇင်ဘာလ(၃)ရက်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ HITACHI က HITACHI Asia’s Brand Event 2018 & Inspiration of the Year Global Awards Commendation Ceremony ကို စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ(၃၀)ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာတော့ အရှေ့တောင်အာရှ ဒေသအတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဆုအဖြစ် Inspiration of the Year Global Awards ကို ပထမ၊ ဒုတိယ၊ တတိယဆုတွေအဖြစ် (၃)ဆုပေးခဲ့တာဖြစ်ပြီး မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ HITACHI- SOE လျှပ်စစ်ကုမ္ပဏီက ပထမဆုရရှိခဲ့ပါတယ်။ ဒီဆုရရှိခဲ့တဲ့အဓိက အားသာချက်အဖြစ် တစ်ကမ္ဘာ့လုံးက ကုမ္ပဏီတွေ ၀င်ရောက် ယှဉ်ပြိုင်ရတဲ့ပရောဂျက်ဖြစ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ National Electrification project မှာ  တင်ဒါခေါ်ယူရာမှာ Transformer တင်ဒါတွေအတွက် ၀င်ရောက်ယှဉ်ပြိုင်အောင်မြင်ခဲ့တာဖြစ်ပါတယ်။  ဒီတင်ဒါတွေက အမေရိကန်ဒေါ်လာ(၁၆.၅)သန်း တန်ဖိုးရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်ပြည်တွင်းပြည်ပ ဈေးကွက်မှာလည်း ရှယ်ရာတွေရရှိတာ၊ စနစ်တကျထုတ်လုပ်မှု၊ အရည်အသွေးကောင်းမွန်မှုတွေ၊ ၀န်ထမ်းတွေရဲ့အရည်အချင်း စတာတွေကို ပေါင်းစပ်ပြီး အမှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထရန်စဖော်မာတင်ဒါတွေအတွက် နိုင်ငံပေါင်း(၄၁)နိုင်ငံဝင်ရောက်ယှဉ်ပြိုင်တဲ့အထဲမှာ  HITACHI- SOE လျှပ်စစ်ကုမ္ပဏီ တစ်ခုတည်းကပဲ   ထရန်စဖော်မာအလုံးရေ(၅၄၀၀)နီးပါး တင်ဒါအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒီဆုဟာ ပြိုင်ပွဲပုံစံယှဉ်ပြိုင်မှုမျိုးမဟုတ်ဘဲ ကုမ္ပဏီတွေရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကို စောင့်ကြည့်အကဲခတ် အမှတ်ပေး ကာ နှစ်စဉ်ဆုချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။ Inspiration of the Year Global Awards အဖြစ် ဆုတံဆိပ်၊ အမေရိကန်ဒေါ်လာခုနှစ်ထောင်၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေ စတာတွေကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ စိုးလျှပ်စစ်ကုမ္ပဏီအနေနဲ့ကတောာ့ HITACHI နဲ့ ၂၀၁၅ ခုနှစ်ကစတင် ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး  နိုင်ငံတကာဆု အဖြစ် ပထမဆုံးအကြိမ်ဒီဆုကိုရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News