မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် မြန်မာ - တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၄)ရက်က နေပြည်တော်မှာပြုလုပ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးပြဿနာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားရေးကို ခြိမ်းခြောက်လျက် ရှိတဲ့အပြင် ဒေသတွင်းနိုင်ငံများရဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကိုပါ ပျက်ပြားစေပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုတွေဟာ အဓိကအားဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းအမျိုးအစားဖြစ်ပြီး သယ်ဆောင်ပုံနည်းစနစ်နဲ့ လမ်းကြောင်းများ အမြဲပြောင်းလဲနေတာကြောင့် နိုင်ငံအားလုံးက ရေရှည်ပူးပေါင်း ဖြေရှင်းဆောင်ရွက်ရမယ့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတယ်လို့ နိုဝင်ဘာလ ၄ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၁၆)ကြိမ်မြောက် မြန်မာ- တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးက ပြောပါတယ်။

(၁၆)ကြိမ်မြောက် မြန်မာ - တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးမှာ (၁၅)ကြိမ်မြောက်က သဘောတူညီခဲ့တဲ့ လုပ်ငန်းတွေက အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေကာ နောက်တစ်နှစ်မှာ ရှေ့ဆက် ဆောင်ရွက်ရမယ့် မူဝါဒတွေကို နှစ်နိုင်ငံတိုင်ပင်ဆွေးနွေးတာတွေ လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် တွေ့ရှိတဲ့ အားနည်းချက် တွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့အတွက် ယခုအစည်းအဝေးမှာဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ ရဲမှူးကြီးသန့်လွင်မောင် က ပြောပါတယ်။မြန်မာ - တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးတွေကို တစ်နှစ်တစ်ကြိမ်နှုန်းနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နှစ်နိုင်ငံအလှည့်ကျ အိမ်ရှင်အဖြစ် ဆောင်ရွက်ခဲ့တာပါ။ ယခုအကြိမ်ကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့တာကြောင့် လာမယ့် (၁၇)ကြိမ်မြောက်ကိုတော့ တရုတ်နိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပသွားမယ်လို့လည်းသိရပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး နဲ့ တာဝန်ရှိသူတွေအပါအ၀င် စုစုပေါင်း ကိုယ်စားလှယ်(၂၄)ဦး တက်ရောက်ခဲ့ပါတယ်။

 

 

 

Related News