ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနရဲ့ လမ်းညွှန်ခွင့်ပြုချက်နဲ့အတူ ဂျပန်နိုင်ငံ ၊ Heart ဖောင်ဒေးရှင်းတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံမှ အသက်သုံးနှစ်အရွယ် မောင်ဥက္ကာကို ဂျပန်နိုင်ငံထံ ပို့ဆောင်ပြီး အသည်းအစားထိုး ကုသခဲ့တာ တစ်ရာ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်လ်ပင်)မှာ ဒီဇင်ဘာ (၆) ရက်က သတင်းမီဒီယာတွေကို ခေါ်ယူအသိပေးခဲ့ပါတယ်။ မောင်ဥက္ကာက မွေးရာပါ သည်းခြေပြွန်မပါတဲ့ ရောဂါခံစားနေရတာဖြစ်ပြီး အသက်တစ်နှစ်မပြည့်မမီတည်းက အသည်းနဲ့အူ ဆက်စပ်တဲ့ လမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ပေမဲ့ အသည်းကျွတ်လာတဲ့ ဝေဒနာတွေကို အပြင်းအထန်ခံစားလာရတယ်လို့သိရပါတယ်။

ဒါပေမဲ့ ရန်ကုန်ကလေးဆေးရုံကြီးမှာ ကုသနေတဲ့ မောင်ဥက္ကာကို ဂျပန်နိုင်ငံ ၊ Heart ဖောင်ဒေးရှင်းရဲ့ အကူညီနဲ့အတူ ပြီးခဲ့တဲ့  ၂၀၁၇ ခုနှစ် မတ်လမှာပဲ ဂျပန်နိုင်ငံ ကျူရှု တက္ကသိုလ်ဆေးရုံမှာ အသည်းအစားထိုးကုသမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ကလေး လိုအပ်တဲ့ အသည်းကိုတော့ ဖခင်ဖြစ်သူ ဦးလင်းထိန်က ပေးအပ်ခဲ့တာဖြစ်ပြီး ကလေးရဲ့ အသည်းတစ်ခုလုံးကို အစားထိုးကုသမှုခံယူခဲ့ရတာပါ။အဆိုပါ အသည်းစားထိုးကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီးနဲ့ ဆေးတက္ကသိုလ်(၁)မှ ကလေးခွဲစိတ်အထူးကု ဆရာဝန်တွေ၊ အသည်းနှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာ အထူးကု ဆရာဝန်တွေ၊ မေ့ဆေးဆရာဝန်၊ သွေးကြောခွဲစိတ်အထူးကုနဲ့ ဓာတ်မှန်အထူးကု တွေပါဝင်တဲ့ အဖွဲ့တစ်ခုလုံး ဂျပန်နိုင်ငံမှာ နှစ်လတာ သွားရောက်လေ့လာခဲ့တယ်လို့သိရပါတယ်။

ဒီလို ကွင်းဆင်းလေ့ကျင့်ရေးတွေ ဆင်းခဲ့ရတာကတော့ မြန်မာနိုင်ငံမှာ ကလေးအသည်းအစားထိုး ကုသမှုတွေ ဆောင်ရွက်နိုင်ရန်ဖြစ်တယ်လို့လေ့လာရေး ခရီးစဉ်မှာပါဝင်ခဲ့သူ ကလေးခွဲစိတ်အထူးကု ဆရာဝန် ဒေါက်တာယဉ်မာဦးက ပြောပါတယ် ။မောင်ဥက္ကာတို့မိသားစုက အသည်းအစားထိုးခွဲစိတ်ကုသမှုနဲ့ နောက်ဆက်တွဲ စောင့်ကြပ်ကြည့်ရှုကုသမှုတွေအတွက် ဂျပန်နိုင်ငံထံ သုံးကြိမ်သွားရောက်ခဲ့ရပြီး ယခုနှစ် နိုဝင်ဘာလ (၃၀) ရက်မှာ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ အသည်းအစားထိုးကုသမှုအဖွဲ့က ဂျပန်နိုင်ငံကျူရှုတက္ကသိုလ်ဆေးရုံမှ ပရော်ဖက်ဆာတာဂုချီ ဦးဆောင်တဲ့ အဖွဲ့နဲ့အတူပူးပေါင်းပြီး လာမယ့် (၂၀၁၉) ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကလေးအသည်းအစားထိုးကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီးမှာဆောင်ရွက်သွားမယ်လို့သိရပါတယ်။

 

 

 

Related News