မန္တလေးတက္ကသိုလ် နှစ်တစ်ရာပြည့်အကြို အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ်စာကြည့်တိုက်မှ ခေတ်အဆက်ဆက်က ထိန်းသိမ်းခဲ့တဲ့ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံတွေ ပြပွဲကို ဒီဇင်ဘာလ(၂၇) ရက်ကစတင်ပြီး တက္ကသိုလ်စာကြည့်တိုက်အတွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မန္တလေးတက္ကသိုလ် တာဝန်ရှိသူထံက သိရပါတယ်။ ဒီဓါတ်ပုံပြပွဲမှာ မန္တလေးတက္ကသိုလ် ဥပစာကောလိပ် စတင်ဖြစ်ပေါ်လာတာကနေစပြီး ခေတ်အဆက်ဆက်က မန္တလေးတက္ကသိုလ်နဲ့ ပတ်သက်ခဲ့တဲ့ ရှားပါးသမိုင်းဝင် မှတ်တမ်းဓာတ်ပုံတွေ၊ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့သူတွေနဲ့ ထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ဓာတ်ပုံတွေကို ပြသသွားမယ်လို့ သိရပါ တယ်။

ဒါ့အပြင် ခေတ်ဟောင်း၊ ခေတ်လယ်၊ ခေတ်သစ် စတဲ့ ခေတ်အဆက်ဆက် အခန်းကဏ္ဍအလိုက် ခွဲခြား ပြသသွားမှာဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ် ဌာနအသီးသီးမှ လှုပ်ရှားမှုတွေကိုလည်း ထည့်သွင်းပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပြပွဲဟာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေ၊ မန္တလေးကို ချစ်မြတ်နိုးသူတွေ၊ စာပေပညာရှင်တွေအတွက် တန်ဖိုးရှိစေမဲ့ ပြပွဲဖြစ်ပြီး တက္ကသိုလ်ရဲ့သမိုင်းကြောင်းကို အားလုံးကသိရှိနိုင်မယ့် အခွင့်အလမ်းတွေပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်က ပြောပါတယ်။

ဒီပြပွဲကို မန္တလေးတက္ကသိုလ်စာကြည့်တိုက်က ကြီးမှူးပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူဟောင်းတွေ ပူးပေါင်းပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုပြုလုပ်ရတာဟာ ခေတ်အဆက်ဆက် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံတွေကို အားလုံးကြည့်ရှုနိုင်ရန်၊ စာကြည့်တိုက်ကို ကျောင်းသား၊ကျောင်းသူတွေ ပိုမိုစိတ်ဝင်စားလာပြီး စာဖတ်အားကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲမှာ ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ဓာတ်ပုံပြိုင်ပွဲနဲ့ လာရောက်ကြည့်ရှုတဲ့သူတွေကို အမှတ်တရလက်ဆောင်ပေးတဲ့အစီအစဉ်တွေ၊၊ စတုဒီသာကျွေးမွေးတဲ့ အစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့သိရပါ တယ်။မန္တလေးတက္ကသိုလ်ကို ၁၉၂၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း(၉၀)ကျော်ကြာရှိပြီ ဖြစ်ပါတယ်။ နှစ်တစ်ရာပြည့်အကြိုအထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်သမိုင်းဝင် မှတ်တမ်း ဓာတ်ပုံပြပွဲကို ဒီဇင်ဘာလ (၂၇) ရက်ကနေ ( ၂၉)ရက်အထိ (၃) ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News