(၂၀၁၈)ခုနှစ်အတွင်းမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခနှုန်းကို မူလနှုန်းထားထက် (၁၀)ဆတိုးမြှင့် ကောက်ခံခဲ့တာအပါအ၀င် လုပ်ငန်း(၃)ခုဆောင်ရွက်ခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူကပြောပါတယ်။ယာဉ်မောင်းလိုင်စင်ဆိုင်ရာ အခနှုန်းထားများဟာ (၁၉၉၇)ခုနှစ်ကတည်းကကောက်ခံနေတဲ့နှုန်းထားတွေဖြစ်တာကြောင့် (၂၀၁၈)ခုနှစ်အောက်တိုဘာလ(၈)ရက်နေ့ကစတင်ပြီး ပြောင်းလဲတိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပါတယ်။အခုလိုကောက်ခံရာမှာ (ခ)ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်ငွေကျပ်တစ်သောင်းနှုန်းနဲ့(၅)နှစ်စာ ငွေကျပ်(၅)သောင်း၊(ဃ)ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်ငွေကျပ်နှစ်သောင်းနှုန်းနဲ့ (၃)နှစ်စာငွေကျပ်(၆)သောင်းအပြင် (င)လိုင်စင်ကိုတော့ငွေကျပ်(၂၅၀၀၀)နှုန်းနဲ့ (၃)နှစ်စာ ငွေကျပ်(၇၅၀၀၀) တိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပါတယ်။

ကောက်ခံလိုက်တဲ့ယာဉ်မောင်းလိုင်စင်နှုန်းထားတွေဟာ ပြီးခဲ့တဲ့နှစ်(၂၀)ကျော်ကာလထက် (၁၀)ဆကျော်တိုးမြှင့်ကောက်ခံလိုက်တယ်လို့သိရပါတယ်။ယာဉ်မောင်းလိုင်စင်(၁၀)ဆတိုးမြှင့်ကောက်ခံလိုက်တာကြောင့် အစပိုင်းမှာယာဉ်မောင်းတွေအနေနဲ့ မကျေနပ်မှုတွေရှိခဲ့သလို အခုလိုကောက်ခံလိုက်တဲ့အတွက် အချို့ယာဉ်မောင်းတွေက (င)လိုင်စင်ကနေ (ခ)လိုင်စင်ကို လာရောက်ပြောင်းကြသူတွေလည်းရှိလာတယ်လို့သိရပါတယ်။ဒါ့အပြင် (၂၀၁၈)ခုနှစ်ထဲမှာပဲ လုပ်ဆောင်ချက်တစ်ခုအနေနဲ့  ယာဉ်မောင်းလိုင်စင်အတွက် Online Booking စနစ်ကို ဆောင်ရွက်ခဲ့ပေးခဲ့တာဖြစ်ပါတယ်။ဒီစနစ်ဆောင်ရွက်ပေးခြင်းကြောင့် ကညနရုံးမှာ လိုင်စင်သက်တမ်းတိုးမယ့်ယာဉ်မောင်းတွေနဲ့ လိုင်စင်ဖြေဆိုမယ့်ယာဉ်မောင်းတွေဟာ တန်းစီစရာမလိုဘဲ ရက်ချိန်းကျမယ့်ရက်ရောက်မှသာလာရောက်ဖြေဆိုရတာကြောင့် စောင့်ဆိုင်းရချိန်တွေလည်းလျော့နည်းသွားပြီး တစ်နေ့ကို လိုင်စင်ဖြေဆိုသူ(၅၀၀)၀န်းကျင်ကနေ လာရောက်သက်တမ်းတိုးသူ(၁၀၀၀)၀န်းကျင်အထိရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင်ကညန(မြင်သာ) အနေနဲ့(၂၀၁၈)ခုနှစ်ထဲမှာပဲ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ပေးသူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲအပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တရားခံ(၁၃)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ (၂၀၁၈)ခုနှစ်မှာ ယာဉ်မောင်းလိုင်စင်နှုန်းကိုမူလထက်(၁၀)ဆတိုးမြှင့်ကောက်ခံမှု၊Online Booking စနစ်နဲ့လိုင်စင်ဖြေဆိုမှု၊ လိုင်စင်တုများဖမ်းဆီးမှုတွေဆောင်ရွက်ခဲ့ပြီး လာမယ့်(၂၀၁၉) ခုနှစ်မှာတော့ ယာဉ်မောင်းတွေနဲ့ ပြည်သူလူထုကို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လူကူးမျဉ်းကြားတွေမှာလည်း ယာဉ်မောင်းတွေအနေနဲ့ပြည်သူတွေကို လမ်းကူးရင် ယာဉ်ရပ်တန့် ပေးရမယ်ဆိုတဲ့ အသိပညာပေးလှုပ်ရှားမှုတွေလည်း ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

 

 

Related News