မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး   မြန်မာနိုင်ငံတော်သံစုံတီးဝိုင်းနဲ့ ဂျပန်ဂီတပညာရှင်တို့ ပူးပေါင်း ဖျော်ဖြေတင်ဆက်မယ့် မြန်မာ - ဂျပန်ဂီတပွဲတော်ကို နေရာ(၃)နေရာမှာကျင်းပသွားမယ်လို့ ဇန်န၀ါရီလ(၁၀)ရက်က Sedona Hotel မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ မြန်မာ - ဂျပန်ဂီတပွဲတော်ကို မြန်မာ့ဂီတသာမက ကမ္ဘာ့ဂီတနဲ့ ဂျပန်သံစဉ်တွေကိုပါ နားဆင်နိုင်ဖို့အတွက် ဂျပန်ရိုးရာဂီတပညာရှင်တွေအပါအ၀င် ဂီတပညာရှင်ပေါင်း အယောက်(၁၂၀)က ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီပွဲတော်ကို ဇန်န၀ါရီလ(၁၈)ရက်မှာ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပြီး ဇန်န၀ါရီလ(၂၃)ရက်မှာတော့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(၂)မှာကျင်းပသွားမယ်လို့ သိရပါတယ်။ လာမယ့် ဖေဖော်ဝါရီလ(၁၄)ရက်မှာတော့ မန္တလေးမြို့ရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာ - ဂျပန်ဂီတပွဲတော်ကျင်းပမယ့်နေရာ(၃)ခုစလုံးမှာ ဂီတကိုဝါသနာပါသူတွေ လာရောက်နားဆင်နိုင်ဖို့ အတွက် ၀င်ကြေးအခမဲ့နဲ့ ဖျော်ဖြေတင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး မြန်မာ-ဂျပန်ဂီတပွဲတော်ပြုလုပ်တာက (၅)ကြိမ်မြောက်ရှိပြီဖြစ်ပြီး  ဒီနှစ်မှာတော့ ထူးခြားချက်အနေနဲ့ ဂျပန်ရိုးရာဂီတပညာရှင်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်ဟာ မဲခေါင်ဒေသနိုင်ငံများနဲ့ဂျပန်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုလေးနက်စေတဲ့ မဲခေါင်-ဂျပန်ချစ်ကြည်ရေး နှစ်ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံတော်သံစုံတီးဝိုင်း ဂီတဖျော်ဖြေပွဲကို အခုတစ်ခေါက်မှာတော့ မဲခေါင် - ဂျပန်ချစ်ကြည်ရေးနှစ်နဲ့ ဂျပန်ဖောင်ဒေးရှင်း ဖွင့်လှစ်တဲ့အထိမ်းအမှတ်အနေနဲ့ အခုလိုမြန်မာ - ဂျပန်ဂီတပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News