မြန်မာ - အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနဲ့ ကုန်စည်ပြပွဲကို ဇန်န၀ါရီလ (၁၁) ရက်ကနေ (၁၂)ရက်အထိ စစ်ကိုင်းမြို့ မြို့တော်ခန်း မမှာ ကျင်းပပြုလုပ်နေပါတယ်။ဒီဆွေးနွေးပွဲနဲ့ ကုန်စည်ပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခုပြုလုပ်နေတဲ့ ဆွေးနွေးပွဲနဲ့ကုန်စည်ပြပွဲကို မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးနဲ့ စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့  ပူးပေါင်းပြီးကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲကို နှစ်နိုင်ငံရှိ စီးပွားရေး ကုန်သည်တွေကြားမှာ စီးပွားရေးကဏ္ဍ ဆက်လက်စီးဆင်းစေဖို့၊ စီးပွား ရေး ဖြစ်ထွန်းမှု အလားအလာကောင်းသော ကဏ္ဍတွေ ဖြစ်တဲ့ ကုန်သွယ်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊  စပ်တူရှယ်ယာ လုပ်ငန်းတွေကို ပြုလုပ်ရန် အခွင့်အရေးကောင်းတွေ ရရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ရတာ ဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ သတင်းထုတ်ပြန်ရေးနှင့် ပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောပါတယ်။

မြန်မာ - အိန္ဒိယစီးပွားရေး ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာဒေသ စီးပွားရေးကဏ္ဍ အသီးသီးကကိုယ်စားလှယ် (၃၀) ၀န်းကျင်လာရောက်ပြီး စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနဲ့ ခရီးသွားကဏ္ဍ တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရဟာ အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသလို စီးပွားရေး ကုန်သည်တွေ အနေနဲ့ တိုးတက်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးဖလှယ်ခြင်းဖြင့် စီးပွားရေး ကုန်သွယ်မှုနဲ့ရင်းနှီးမြှပ်နှံ မှုတို့မှ အကျိုးရလဒ်တွေကိုရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဆွေးနွေးမှုရလဒ်တွေအပေါ်မူတည်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတွေရရှိဖို့ မျှော်မှန်းထားတယ်လို့ မဏိပူရစက်မှုဖွံ့ဖြိုးတိုးတက်ရေး ကောင်စီမှ တာဝန်ရှိသူကပြောပါတယ်။မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲနဲ့ ကုန်စည်ပြပွဲကိုဒေသထွက်ကုန်တွေဖြစ်တဲ့ ကြိမ်ထည်၊ ကျောက်စိမ်းအချောထည်၊ ကြွေထည်၊ ငွေထည် ကြေးထည်၊ ရက်ကန်း၊ ဂစ်တာ စတဲ့ ပစ္စည်းတွေကိုပြသလျက်ရှိတယ်လို့သိရပါတယ်။

 

 

 

 

Related News