ငြိမ်းချမ်းရေးကော်မရှင် နဲ့ NCA လက်မှတ်ထိုးထားတဲ့ KNU ၊RCSS အဖွဲ့တွေရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဟာအားကောင်းခဲ့ပြီး မျှော်မှန်းထားသည်ထက် ပိုပြီးအပြုသဘောဆောင် နိုင်ခဲ့တယ်လို့ ဒီဆွေးနွေးပွဲ မှာ ပါဝင်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင် ရဲ့ အကြံပေး ဦးလှမောင်ရွှေ ကပြောပါတယ်။ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းတရားဝင်ဆွေးနွေးပွဲတွေမှာ ယာယီပါဝင်မှုရပ်ဆိုင်းထားတဲ့ ဒီနှစ်ဖွဲ့ ပြန်လည်ပါဝင်လာနိုင်ဖို့ အခုလိုအလွတ်သဘောတွေ့ဆုံအဖြေရှာနေကြတာပါ။ပြီးခဲတဲ့ (၂၀၁၈)နိုဝင်ဘာလလယ်တုန်းက ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

ဇန်န၀ါရီ (၁၂)ရက်မှာ KNU နဲ့သီးသန့်တွေ့ဆုံခဲ့ပြီး ၊ဇန်န၀ါရီ (၁၄)ရက်မနက်ပိုင်းမှာ RCSS နဲ့တွေ့ဆုံခဲ့ တာ ဖြစ်ပါ တယ်။အခုနှစ်ဖက်တွေ့ဆုံမှုမှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်မှာ အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်ပြီး ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦးတို့ပါဝင်ခဲ့ပြီး KNU ဘက်က အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး   ဦးဆောင်တွေ့ဆုံခဲ့သလို၊RCSS ဘက်က ဘောင်ခေး ဦးဆောင်ပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အခုတွေ့ဆုံမှုကနေ အခုလအတွင်း KNU နဲ့ထပ်မံတွေ့ဆုံဖို့ကိုလည်းမူအားဖြင့်သဘောတူနိုင်ခဲ့ပြီး အချိန်နဲ့နေရာကို ပြန်လည်ညှိနှိုင်းဖို့ သဘောတူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် RCSS ကိုလည်း လာမယ့်ရက်ပိုင်းအတွင်း နေပြည်တော်မှာပြုလုပ်ဖို့ ရှိတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတစ်ခုကို ဖိတ်ကြားခဲ့ပြီး RCSS ဘက်က လည်း တက်ရောက်ဖို့သဘောတူခဲ့တယ် လို့သိရပါ တယ်။ဒီထပ်မံတွေ့ဆုံမယ့် ဆွေးနွေးပွဲတွေပြီးရင်တော့ KNU နဲ့ RCSS အဖွဲ့တွေ တရားဝင်ဆွေးနွေးပွဲတွေမှာ ပြန်လည်ပါ ၀င်လာဖို့မျှော်မှန်းတယ်လို့ ဦးလှမောင်ရွှေ က သုံးသပ်ပါတယ်။KNU ကတော့ NCA ဖော်ဆောင်ရာမှာ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ကွဲပြားနေတဲ့အပေါ် အဖြေရှာနိုင်ဖို့ တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်မှုယာယီရပ်ဆိုင်းထားကြောင်းနဲ့အလွတ်သဘောတွေ့ဆုံမှုတွေကနေသာ ဒီမတူညီချက် တွေကို အဖြေအရင်ရှာမယ်လို့ ၂၀၁၈ နိုဝင်ဘာ(၁၀)ရက်မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။ RCSS ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီမှာပါဝင်မှုကိုယာယီရပ်ဆိုင်းထားကြောင်း (၂၀၁၈) နိုဝင်ဘာမှာ သဘောထားထုတ်ပြန်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ 

 

 

Related News