ဥရောပနိုင်ငံတွေကို တင်သွင်းနေတဲ့ ဧည့်မထ ဆန်လုံးရှည်အမျိုးအစား မြန်မာ့ဆန်ကို အခွန်ပြန် ကောက် တော့ မယ်လို့ ဥရောပသမဂ္ဂ(EU) ကထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယားနိုင်ငံက တင်သွင်းတဲ့ဆန်လုံးရှည်အပေါ်မှာပါ ဇန်န၀ါရီ(၁၈)ရက်ကစပြီး အခွန်ပြန် ကောက်ပြီဖြစ်ပါတယ်။

မြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတွေက တင်သွင်းနေတဲ့ အင်ဒီကာ(ခေါ်) ဆန်လုံးရှည် အမျိုးအစားဆန်တွေဟာ ဥရောပနိုင်ငံတွေထဲက အီတလီ၊နဲ့စပိန်နိုင်ငံတွေက ထွက်ရှိတဲ့ ဆန်အမျိုးအစားနဲ့တူသလို ဈေးနှုန်းလည်း ပိုချိုနေတာကြောင့် ၎င်းနိုင်ငံတွေရဲ့တောင်းဆိုမှုကြောင့် ဈေးကွက်အကာအကွယ်ပေးရေးမူအရ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ မှာ ဥရောပသမဂ္ဂကပေးတဲ့ လက်နက်မှအပ အခွန်ကင်းလွတ်ခွင့် နဲ့ပမာဏ အကန့် အသတ်မရှိတင်ပို့ခွင့် GSP ကို ပြန်ရခဲ့တာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေကဆန်ဝယ်ယူသူတွေ အနေနဲ့ GSP ရတဲ့ မြန်မာ့ဆန်ဟာ အခြားနိုင်ငံတွေက ဆန်တွေထက် တစ်တန်ကို ယူရို ၂၀၀ ၀န်းကျင် ဈေးသက်သာနေတာ ဖြစ်ပါတယ်။

EU ရဲ့ထုတ်ပြန်ချက်အရ ပထမနှစ်မှာ ဆန်တစ်တန်ကို ၁၇၅ ယူရို၊ဒုတိယနှစ်မှာ တစ်တန်ကို ၁၅၀ ယူရို နဲ့ တတိယနှစ်မှာ တစ်တန်ကို ၁၂၅ ယူရို သွင်းကုန်ခွန်ပြန်ကောက်မှာပါ။ ဥရောပလယ်ယာဖွံ့ဖြိုးရေး အဖွဲ့ရဲ့အချက်အလက်တွေအရ မြန်မာနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ ဥရောပကို ဆန်တင်ပို့မှုဟာ (၂၀၁၂)မှာ တန်ချိန် (၉၀၀၀) နီးပါးသာရှိခဲ့ရာက (၂၀၁၇)ခုနှစ်မှာ တန်ချိန် သုံးသိန်းခွဲကျော်အထိရှိလာတာဖြစ်ပါတယ်။

 မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ဥရောပဈေးကွက် ကို ဆန်နဲ့ ဆန်ကွဲ တန်ချိန်လေးသိန်းနီးပါး တင်ပို့ခဲ့တာဖြစ်ပြီး ဆန်ကွဲကတန်ချိန် သုံးသိန်းနီးပါးရှိကာ ဆန်လုံးရှည် ကတော့ တန်ချိန်ခြောက်သောင်း နဲ့တစ်သိန်းကြားသာရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံက သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ဧပြီလ တစ်ရက်ကနေ ၂၀၁၈ ဒီဇင်ဘာ(၂၈)ရက်အထိ ဆန်တန်ချိန်(၁.၄)ကျော်နဲ့ဆန်ကွဲတန်ချိန်(၃)သိန်းကျော်ကို နိုင်ငံပေါင်း(၄၀)ကျော်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၅၇၈)သန်းရရှိထားတယ်လို့ အစိုးရရဲ့ အချက် အလက်တွေ အရသိရပါတယ်။

 

 

Related News