ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်မှာရှိတဲ့ ရွှေနံ့သာစံပြရပ်ကွက်က ချမ်းမြ၀တီသီလရှင်သင်ပညာရေး ကျောင်း မှာ သီလရှင်ဆရာလေးတွေ အတွက် ပညာသင်ကြားဖို့ သီးသန့်စာသင်ဆောင်ပေးအပ်ပွဲကို ဇန်န၀ါရီလ (၁၈)ရက်က ပြုလုပ်ခဲ့ပါတယ်။

ချမ်းမြ၀တီသီလရှင်သင်ပညာရေးကျောင်းမှာ ရှမ်းပြည်နယ်၊ဆီဆိုင်မြို့အနီးကျေးရွာတွေက ဒေသမတည်မငြိမ်မှုနဲ့  စားဝတ်နေရေးအခက်အခဲ ကြုံတွေနေတဲ့ မိန်းကလေးငယ်လေးတွေကို သီလရှင်ဆရာလေးများအဖြစ် ၀တ်ပေးပြီး လောကီလောကုတ္တရာတွေကိုသင်ကြားပေးနေတာပါ။ ဒီလိုဖွင့်လှစ်သင်ကြားပေးနေပေမယ့် စာသင်ဆောင် သီးသန့်မရှိတာ ကြောင့် ဆရာလေးတွေညဖက်သီတင်းသုံးတဲ့ကျောင်းဆောင်နေရာမှာသာ စာသင်ကြားနေရပြီး အခန်းအကာ တွေမရှိတာ ကြောင့် စာသင်ကြားရာမှာ အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။ဒါ့ကြောင့် ဂျပန်နိုင်ငံက အာဘဲလရော့ ဖောင်ဒေးရှင်းက (၂၀၁၈)ခုနှစ်က ကျောင်းဆောင်သစ်ကို လာရောက်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉၊ ဇန်န၀ါရီလ(၁၈)ရက်မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ချမ်းမြ၀တီသီလရှင်သင်ပညာရေးကျောင်းမှာလက်ရှိ  ဆရာလေး (၈၄)ပါး၊ကိုရင် (၁၄)ပါး၊ကျောင်းသား၊ကျောင်းသူ (၁၆)ဦးကို သင်ကြားပေးနေပြီး အခုလို (၂)ထပ်ကျောင်းဆောင်သစ်ကိုဆောက်လုပ်လိုက်တာကြောင့် စာသင်ကြားရာမှာပိုမိုအဆင်ပြေလာနိုင်တယ်လို့ သိရပါတယ်။

ဒီလိုလှူဒါန်းမှုနဲ့အတူ ဆရာလေးတွေအတွက် စာအုပ်စင်များ၊စာအုပ်များကိုလည်း လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံက အာဘဲလရော့ဖောင်ဒေးရှင်းက  လာမယ့်ဇွန်လမှာ အဆိုပါကျောင်းမှာပဲ သီးပင်စားပင်များလာရောက် စိုက်ပျိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News