၂၀၁၈ ခုနှစ်အတွင်းမှာ မန္တလေးတိုင်းဒေသကြီးကို ကမ္ဘာ့လှည့် နိုင်ငံခြားခရီးသွားဧည့်သည်ပေါင်း (၄)သိန်း(၉)သောင်းကျော်ဝင်ရောက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ်။မန္တလေးတိုင်းဒေသကြီးကို နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုအနေနဲ့ ၂၀၁၆ ခုနှစ်မှာ (၃)သိန်း၈သောင်းကျော်၊ ၂၀၁၇ ခုနှစ်မှာ ၄သိန်း၈သောင်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၄သိန်း၉သောင်း၂ထောင်ကျော် ဝင်ရောက်မှုတွေကြောင့် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုက တိုးတက်လာတယ်လို့သိရပါတယ်။

ဒီလို မန္တလေးကိုလာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားခရီးသွားအများစုက တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန် နဲ့ အီတလီ စတဲ့နိုင်ငံတွေက ခရီးသွားတွေလာရောက်လည်ပတ်ကြတာဖြစ်ပါတယ်။ ဒီလို လာရောက်လည်ပတ်တဲ့နိုင်ငံတွေထဲမှာတော့ တရုတ်နိုင်ငံက (၃၁)ရာခိုင်နှုန်းနဲ့ အများဆုံးဝင်ရောက်ခဲ့ တယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ထင်ရှားတဲ့ ခရီးစဉ်ဒေသတွေဖြစ်တဲ့  မန္တလေးတောင်တော်၊ မြနန်းစံကျော် ရွှေကျောင်းတော်၊ မဟာမုနိဘုရားကြီး၊ ဦးပိန်တံတား နဲ့ ရိုးရာလက်မှုပညာလုပ်ငန်းတွေဖြစ်တဲ့ ရွှေချည်ထိုးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်းစတဲ့လုပ်ငန်းတွေကို ခရီးသွားဧည့်သည်တွေက စိတ်ဝင်တစားလာ ရောက်လည်ပတ်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ခရီးသွားကဏ္ဍဖွံဖြိုးရေး ခရီးစဉ်ဒေသသစ်တွေကို ဖော်ထုတ်နေပြီး ဒေသတွင်း အရင်းအမြစ်တွေ တည်တံ့စေဖို့ နဲ့ ရာသီပွဲတော်တွေကို နိုင်ငံခြားသားတွေ ပိုမိုစိတ်ဝင်စားလာစေဖို့ အစီအစဉ်ကောင်းတွေကိုလည်း လုပ်ဆောင်သွားမယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးမှာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာ အရှေ့တိုင်းခရီးသွားတွေအပြင် အနောက်ဥရောပခရီးသွားတွေပါ ပိုမိုဝင်ရောက်နိုင်စေဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဒေသနဲ့ ကိုက်ညီတဲ့မဟာဗျုဟာတွေကိုလည်း ချမှတ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

 

 

Related News