ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကဦးစီးပြီး (၂၇)ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဖေဖော်ဝါရီလ(၇)ရက်ကရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်မှာတပ်ဆင်ခဲ့ပါတယ်။စထရင်းဟိုတယ်ဟာ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အပြာရောင်ကမ္ပည်းပြားရရှိတဲ့ ပထမဆုံးဟိုတယ်ဖြစ် ပါတယ်။စထရင်းဟိုတယ်ဟာ နှစ်ရာကျော်သက်တမ်းရှိပြီး လှပတဲ့ရန်ကုန်မြို့ပြ အမွေအနှစ်အဆောက်အအုံတစ်ခုကိုအများပြည်သူသိရှိစေရန်ရည်ရွယ်ပြီးတပ်ဆင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။


စထရင်းဟိုတယ်ကိုနာမည်ကျော်အာမေးနီးယန်းဟိုတယ်လုပ်ငန်းရှင်ညီအစ်ကိုနှစ်ဦးကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဆိုရှယ်လစ်ခေတ်အစမှာအခြားသောပုဂ္ဂလိကလုပ်ငန်းများနည်းတူ စထရင်းဟိုတယ်ကို ပြည်သူပိုင် ပြုခဲ့ကြပြီးဆိုရှယ်လစ်ခေတ်အတွင်း ကမ္ဘာလှည့်ခရီးသည် လာရောက်မှုကျဆင်းလာတာနဲ့အမျှဟိုတယ်လည်းယိုယွင်းလာခဲ့ပါတယ်။ဆယ်စုနှစ်များစွာလျစ်လျူရှုခြင်းခံခဲ့ရာ (၁၉၉၀)ခုနှစ်မှာ မြန်မာအစိုးရနဲ့ အင်ဒိုနီးရှားဟိုတယ်လုပ်ငန်းရှင်တို့ရဲ့ အကျိုးတူ ဆောင်ရွက်မှုဖြင့် ဟိုတယ်ကို(၃)နှစ်ကြာပြင်ဆင်ခဲ့တာကြောင့် ပြန်လည်အသက်ဝင် လာခဲ့ပါတယ်။

လက်ရှိမှာ စထရင်းဟိုတယ်ကို မြန်မာအစိုးရနဲ့စထရင်းဟိုတယ်အင်တာနေရှယ်နယ်တို့ အကြားအကျိုးတူဖွဲ့စည်းထားတဲ့ myanmar hotel internationalကစီမံခန့်ခွဲနေတာဖြစ်ပါတယ်။အမွေအနှစ်ဟိုတယ်ဖြစ်တဲ့ စထရင်းဟိုတယ်ကို၂၀၁၆ခုနှစ်မှာ ၂၁ရာစုနဲ့ကိုက်ညီစေမယ့် ပြင်ဆင်မှုတွေကို ခြောက်လကြာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။၂၀၁၇နိုဝင်ဘာလမှာတော့ ရေကူးကန်၊ အားကစားခန်းမ၊ နဲ့ပန်းခြံငယ်စတာတွေကိုလည်း ထပ်မံထည့်သွင်းခဲ့ပြီး ရန်ကုန်မြို့ပြအမွေအနှစ်ရဲ့ မြို့ပြအပန်းဖြေဟိုတယ်တခုအဖြစ် လည်ပတ်နေတယ်လို့သိရပါတယ်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အခုလို အပြာရောင်ကမ္ပည်းပြားတပ်ဆင်မှုကို (၂၇)ခုမြောက်တပ်ဆင်ပြီးခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ရန်ကုန်မြို့ရဲ့ အထင်ကရနေတာတွေကို အများပြည်သူသိရှိစေရန် ဆက်လက်တပ်ဆင်သွားမှာဖြစ်တယ်လို့သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ စထရင်းဟိုတယ်ရဲ့ အပြာရောင်ကမ္ပည်းပြားတပ်ဆင်မှုအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

 

 

Related News