မြန်မာနိုင်ငံမှာတောရိုင်းတိရစ္ဆာန်များတရားမဝင်ရောင်းဝယ်မှုတွေကို ဥပဒေအရထောင်ဒဏ်(၁၀)နှစ်အထိချမှတ်နိုင်တယ်လို့ဖေဖေါ်ဝါရီလ(၇)ရက်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမမှာပြုလုပ်တဲ့ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်မှုမှုခင်းများ လျော့နည်းကျဆင်းစေရေး အသိပညာပေးဟောပြာပွဲက သိရပါတယ်။ မြန်မာနိုင်ငံဟာအဖိုးတန်သစ်တောများပေါက်ရောက်ရာနိုင်ငံတစ်နိုင်ငံဖြစ်ပြီး သစ်တောတွေနဲ့အတူ တောရိုင်းတိရစ္ဆာန်မျိုးစိတ်မျိုးစုံ ပေါများလှတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ရှားပါးသတ္တဝါမျိုးစိတ်တွေနဲ့ထူးခြားရှားပါးတဲ့ သတ္တဝါမျိုးစိတ်တွေဟာ မြန်မာနိုင်ငံမှာများစွာကျန်ရှိနေသေးတယ်လို့သိရပါတယ်။

(၂ဝဝဝ)ခုနှစ်နောက်ပိုင်း တောရိုင်းတိရစ္ဆာန်အရှင်တွေရဲ့အစိတ်အပိုင်းတွေကိုချမ်းသာကြွယ်ဝမှုပြယုဂ် အနေနဲ့အသုံးပြုလာကြတဲ့အတွက်ယနေ့ကမ္ဘာ့နိုင်ငံတိုင်းဟာ တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းဝယ်မှုမှုခင်းတွေနဲ့ရင်ဆိုင်နေကြရသလို မြန်မာနိုင်ငံဟာလည်း တရားမဝင်ရောင်းဝယ်မယ့် သူတွေ မျက်စေ့ကျစရာဖြစ်လာပါတယ်။ မြန်မာနိုင်ငံကတောရိုင်းတိရစ္ဆာန်တွေကို အိမ်နီးချင်းနိုင်ငံတွေက တရားမဝင်ဝယ်ယူမှုတွေဟာ ရပ်တန့်ခြင်းမရှိဘဲ တရားမဝင်ဝယ်ယူနေကြဆဲ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ တောရိုင်းတိရစ္ဆာန်များတရားမဝင်ရောင်းဝယ်မှုတွေကို ကာကွယ်ထိန်းသိမ်းရာမှာ အများပြည်သူတွေရဲ့ သတင်းပေးပို့မှုကနေတဆင့် ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ဇီဝမျိုးစုံမျိုးကွဲများနှင့်သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေဟာအရင် ဥပဒေတွေထက် ပြစ်ဒဏ်ပိုမိုများပြားပြီး ထောင်ဒဏ်(၁၀)နှစ်အထိချမှတ်နိုင်တယ်လို့ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးဝင်းမြင့်အောင်ကပြောပါတယ်။မြန်မာနိုင်ငံမှာကျား၊ ဆင်၊ သင်းခွေချပ်အစရှိတဲ့သတ္တဝါတွေကမျိုးတုန်းလုနီးပါးအခြေအနေမှာရှိနေတယ်လို့သိရပါတယ်။ တောဆင်ရိုင်းတွေအပါအဝင်အခြားရှားပါးတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်မှုတွေဟာ(၂၀၀၀)ခုနှစ်နောက်ပိုင်းမှာ သိသာထင်ရှားတယ်လို့ဆိုပါတယ်။

(၂၀၁၇)ခုနှစ်က တောဆင်ရိုင်းအများအပြားသတ်ဖြတ်ခံခဲ့ရလို့ဖမ်းဆီးရေးအထူးအဖွဲ့ ဖွဲ့စည်းပြီး တောဆင်ရိုင်းသတ်ဖြတ်သူနဲ့ရောင်းဝယ်သူတွေကိုဖော်ထုတ်ဖမ်းဆီးရာမှာအမှု(၁၂)မှုနှင့် တရားခံ(၇)ဦးကိုသက်သေခံပစ္စည်းတွေနဲ့ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ တောရိုင်းတိရစ္ဆာန်တွေထိန်းသိမ်းကာကွယ်ရာမှာ တောကောင်တွေကိုစားသုံးတာ၊ ဆေးအဖြစ်သုံးစွဲတာနဲ့ တောကောင်အစိတ်အပိုင်းတွေ အလှဆင်တာကို ရှောင်ကြဉ်တာကလည်းထိန်းချုပ်ကာကွယ်ထားနိုင်တယ်လို့ WWF အဖွဲ့မှ ဒေါက်တာစံပယ်မင်းကပြောပါတယ်။

မြန်မာနိုင်ငံမှတောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုတွေလျော့နည်းပပျောက်အောင် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ပြည်နယ်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS),(WWF)တို့ကကာကွယ်ထိန်းသိမ်းဖို့ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ တောရိုင်းတိရစ္ဆာန်များ တရားမဝင်သတ်ဖြတ်ရောင်းဝယ်မှုမရှိစေရေး ထိရောက်တဲ့ အရေးယူမှုတွေနဲ့ကာကွယ်ရမှာဖြစ်သလို အသိပညာပေး ဟောပြောတာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ 

 

 

Related News