မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူတောင်ပေါ်မှာ တည်ထားကိုးကွယ်မည့် ဥာဏ်တော်အမြင့်(၂၅၅)ပေ (၆)လက်မရှိ ထိုင်တော်မူဂေါတမ ဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးတည်ဆောက်မှုမှာ (၈၅)ရာခိုင်နှုန်းပြီးစီးနေပြီလို့ သိရပါတယ်။ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးတည်ဆောက်ဖို့အတွက် (၂၀၁၃)ခုနှစ်ကစပြီး ဘုရားသုံးဆူတောင်ပေါ်မှာ မြေထိန်းခြင်းလုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ပြီး (၂၀၁၆)ခုနှစ်မှာ အုတ်မြစ်ချခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘုရားကြီးတည်ဆောက်မှု(၈၅)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး ဘုရားကြီးရဲ့အတွင်းပိုင်းမှာအထပ်ပေါင်း(၁၈)ထပ်ပါဝင်ပြီး ဌာပနာခန်းအပါအ၀င် ဗုဒ္ဓ၀င်ပြခန်း၊ အောင်ခြင်း(၈)ပါး၊ ကောသလမင်းအိမ်မက်(၁၆)ချက် စတဲ့ဗုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်း အရာတွေကို ပန်းချီရေးဆွဲ ပူဇော်သွားမယ်လို့ သိရပါတယ်။

ဘုရားဖူးပြည်သူတွေကိုတော့ ဘုရားကြီးရဲ့ ပထမအထပ်အထိသာဝင်ရောက် ဖူးမျှော်ခွင့်ပြုသွားမှာဖြစ်ပြီး ကျန်အထပ်တွေကိုတော့ ပြင်ဆင်ထိမ်းသိမ်းစောင့်ရှောက်ခြင်းကိုသာ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးတည်ဆောက်ပြီးစီးပါက ဘုရားဖူးလာရောက်သူတွေ အခမဲ့တည်းခိုဖို့အတွက် ဘုရားဖူးနားနေဆောင်များကိုလည်း ဆောက်လုပ်ထားတယ်လို့သိရပါတယ်။ ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးကိုတော့ လာမယ့်ဧပြီလ(၆)ရက် ဌာပနာပိတ်ပွဲနဲ့ (၇)ရက်မှာတော့ ဘုရားအနေကဇာတင်ပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘုရားအနေကဇာတင်ပွဲမှာတော့ တရားပွဲတွေအပြင် ပျော်ပွဲရွှင်ပွဲတွေကိုလည်းထည့်သွင်းသွားမယ်လို့သိရပါတယ်။

ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဟာ ဦးခေါင်းတော်အမြင့်(၆၃)ပေ၊ ဦးခေါင်းတော်အချင်းပေ(၅၀)၊ လက်ဖ၀ါးတော်အမြင့်(၆၃)ပေ၊ လက်မောင်းတော်အရှည်ပေ(၉၀)၊ လက်ဖျံတော်(၄၅)ပေ၊ နားရွက်တော်အရှည်ပေ(၅၀)၊ မျက်လုံးတော်အရှည်(၁၁)ပေ၊ အကျယ်(၂ပေ ၆လက်မ)၊ နှာခေါင်းတော်အရှည်(၁၇)လက်မ၊ နဖူးတော်အမြင့်(၁၅)ပေ အကျယ်(၄၅)ပေ၊ ဒူးနှစ်ဖက် အကျယ်ပေ(၁၉၀)၊ ပေါင်တော်အရှည်ပေ(၉၀)၊ ဒူးတော်အရှည်ပေ(၉၀)နဲ့ ခြေဖ၀ါးတော်(၄၅)ပေ စုစုပေါင်း ဥာဏ်တော်(၂၅၅)ပေ (၆)လက်မ ရှိတယ်လို့သိရပါတယ်။ 

 

 

Related News