မန္တလေးမြို့မှာ ခရီးသွားကဏ္ဍမြှင့်တင်စေဖို့် မြန်မာရိုးရာအစားအစာများဖော်ထုတ်ခြင်းနဲ့ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်က စတင်ပြုလုပ်သွားမယ်လို့ ဖေဖော်ဝါရီလ(၇)ရက်က Gold Leaf Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ မြန်မာရိုးရာဓလေ့တွေနဲ့ ကိုက်ညီတဲ့ မဟာဗျုဟာတွေ၊ ခရီးစဉ်ဒေသသစ်တွေဖော်ထုတ်နေပြီး ဒေသတွင်းအရင်းအမြစ်တွေတည်တံ့စေဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုလို ခရီးသွားကဏ္ဍမြှင့်တင်စေဖို့ မြန်မာရိုးရာအစားအစာများ ဖော်ထုတ်ခြင်းနဲ့ ထမနဲထိုးပြိုင်ပွဲပြုလုပ်ရတာဟာ မြန်မာရိုးရာအစားအစာတွေဖော်ထုတ်ကာ ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်စေဖို့၊ မြန်မာရိုးရာအစားအသောက်တွေကို ကမ္ဘာကပါသိရှိစေဖို့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေ မပျောက်ပျက်ဘဲ ထိန်းသိမ်းနိုင်စေဖို့ ရည်ရွယ် ပြုလုပ်တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပါတယ်။

အခုပြုလုပ်မယ့် မြန်မာရိုးရာအစားအစာများဖော်ထုတ်ခြင်းနဲ့ထမနဲထိုးပြိုင်ပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်တို့က ပူးပေါင်းပြီး ပထမအကြိမ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ ဒီပွဲမှာ မြန်မာရိုးရာအစားအသောက်ဆိုင်ခန်းတွေ အများဆုံးပါဝင်မှာဖြစ်ပြီး အမှတ်တရ အရောင်းဆိုင်တွေ၊ ခရီးသွားကဏ္ဍနဲ့ပတ်သက်တဲ့ ဆိုင်ခန်းတွေလည်းပါဝင်ကာ ဆိုင်ခန်းပေါင်း ၆၀နဲ့ ခင်းကျင်းပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ထမနဲထိုးပြိုင်ပွဲအတွက် မည့်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကာ အသင်းတစ်သင်းကို ၇ ဦး ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုကြေးအဖြစ် ပထမဆု ၁၀သိန်း၊ ဒုတိယဆု ၇သိန်း၊ တတိယဆု ၅သိန်း၊ နှစ်သိမ့်ဆု ၁သိန်းကျပ် ဆုချီးမြှင့်သွားမယ်လို့သိရပါတယ်။

ယခုပြုလုပ်မယ့် ခရီးသွားကဏ္ဍမြှင့်တင်စေဖို့  မြန်မာရိုးရာအစားအစာများဖော်ထုတ်ခြင်းနဲ့ ထမနဲထိုးပြိုင်ပွဲကို မန္တလေးမြို့ မဟာမုနိဘုရားကြီးမှာ ဖေဖော်ဝါရီလ ၁၆ရက်ကစတင်ကာ ၁၉ရက်ထိ ၄ ရက်ကြာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News