ဂျပန်ရုပ်ရှင်ပွဲတော်(၂၀၁၉)ကို မန္တလေးမြို့ဝင်းလိုက်အဆင့်မြင့်ရုပ်ရှင်ရုံမှာဖေဖေါ်ဝါရီလ (၈) ရက်ကနေ(၁၀) ရက်အထိ ပြုလုပ်နေပါတယ်။ အခုကျင်းပနေတဲ့ ဂျပန်ရုပ်ရှင်ပွဲတော်(၂၀၁၉)ကို  မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနဲ့ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)တို့ပူးပေါင်းပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ဂျပန်ရုပ်ရှင်ပွဲတော်ကို (၁၉၉၉)ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး အခုနှစ်မှာတော့ ဂျပန်နိုင်ငံမှာ လူကြိုက်အများဆုံး ရုပ်ရှင်ကားတွေ ပြသပေးလျက်ရှိတယ်လို့သိရပါတယ်။ အခုလိုဂျပန်ရုပ်ရှင်ပွဲတော်ပြုလုပ်ရတာဟာ ဂျပန်ရုပ်ရှင်ကားတွေကို မြန်မာပြည်သူတွေ ခံစားနိုင်စေဖို့၊ ဂျပန်-မြန်မာ ပိုပြီးချစ်ခင်ရင်းနှီးလာစေဖို့၊ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတွေကို သိရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ဂျပန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
 

အခုကျင်းပနေတဲ့ ဂျပန်ရုပ်ရှင်ပွဲတော်(၂၀၁၉)မှာ ဂျပန်လူနေမှုဘ၀သရုပ်ဖော် ဒရမ်မာဇာတ်လမ်း၊ ဟာသကား၊ အန်နီ မေးရှင်းကာတွန်းကား စုစုပေါင်း (၆) ကားပြသသွားမှာဖြစ်ပြီး  ထူးခြားမှုအနေနဲ့ ဂျပန်နဲ့ မြန်မာ ပူးပေါင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကား (၂) ကားလည်း ပါဝင်ပြသသွားမယ်လို့သိရပါတယ်။ ဂျပန်ရုပ်ရှင်ပွဲတော်ကို လာရောက်ကြည့်ရှုဖို့အတွက် လက်မှတ်တွေကိုတော့ ၀င်းလိုက်ရုပ်ရှင်ရုံမှာ ပွဲချိန်မတိုင်ခင် တစ်နာရီအလိုမှာ ဦးရာလူစနစ်နဲ့ အခမဲ့ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ အခုပြုလုပ်နေတဲ့ ဂျပန်ရုပ်ရှင်ပွဲတော်(၂၀၁၉)မှာ ရုပ်ရှင်တွေပြသရုံသာမက လာရောက်ကြည့်ရှုသူတွေကို ကံစမ်းမဲဖောက် ပေးခြင်း၊ ရုပ်ရှင်ပြသမှုအပြီးမှာ ရုပ်ရှင်ဖန်တီးသူတွေနဲ့ အမေးအဖြေ ပြုလုပ်နိုင်တဲ့ အစီအစဉ်တွေကိုလည်းထည့်သွင်းထား တယ်လို့ သိရပါတယ်။ 

 

Related News