သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မှာ ရှိနေတဲ့ ဗုဒ္ဓဝင်ပြတိုက်ကိုတော့ ၁၉၇၇ ခုနှစ် ကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း(၄၀)ကျော်သက်တမ်း ရှိနေပြီလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဝင်ပြတိုက် ကို ဘုရားဖူးပြည်သူတွေ လာရောက် လေ့လာနိုင်ဖို့ ရုံးချိန်အတိုင်းဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် သီရိပျံချီဦးသန်းစိန်ပါဝင်တဲ့ သာသနာရေး ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ စုပေါင်း မတည်ကာ အရပ်ရပ်ကုသိုလ်ရှင်များရဲ့ အလှူငွေတွေနဲ့ ၁၉၇၇ ခုနှစ်မှာ ဗုဒ္ဓဝင်ပြတိုက် ကို ဖွင့်လှစ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဝင်ပြတိုက်ရဲ့ အလယ်ဗဟိုမှာတော့ သီရိဓမ္မာသောကမင်းကြီး ကိုးတိုင်း ကိုးဌာနသာသနာပြုစေလွှတ်ခဲ့တဲ့ ပထဝီအနေထားမြေပုံကို မူလပကတိအသွင်အပြင်ရုပ်လုံး၊ ရုပ်ကြွများနဲ့ သရုပ်ဖော်ရေးဆွဲ ထားတယ်လို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။
ဗုဒ္ဓဝင်ပြတိုက် မှာတော့ မြတ်စွာဘုရား ဂိလာနရဟန်းကို ပြုစုနေတဲ့ပုံ ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတဲ့ပုံတော် အစရှိတဲ့ ဗုဒ္ဓအကြောင်း တို့ကို ရုပ်ပုံတွေနဲ့ ဘုရားဖူးပြည်သူတွေလေ့ လာနိုင်အောင် စနစ်တကျပြသထားတယ်လို့ သိရပါတယ်။ ဒီလို ဗုဒ္ဓဝင်ပြတိုက်ကို လာရောက်လေ့လာတာနဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဖြစ်စဉ်တွေကို စနစ်တကျသိရှိစေမှာ ဖြစ်တယ်လို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။ ဘုရားဖူးပြည်သူတွေလာရောက်လည်ပတ်ရာမှာလည်း ကျန်းမာပါစေဆိုတဲ့စာတမ်းပါတဲ့ အဓိဌာန်သပိတ်တွေ ထားရှိပြီး အလှူငွေတွေ ထည့်ဝင်ပူဇော်စေတယ်လို့ သိရပါတယ်။ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဗုဒ္ဓဝင်ပြတိုက်ဟာ ပြည်တွင်း ဘုရားဖူးများနှင့် ကမ္ဘာလှည့်ခရီး သွားဧည့်သည်များ လာရောက်လေ့လာတဲ့ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ထားကြောင်း သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်။
