ရန်ကုန်- ပြည်လမ်း (မှော်ဘီ - တိုက်ကြီးလမ်းပိုင်း)(၄၈)ပေ  (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀)ရက်က  ရန်ကုန် - ပြည်လမ်း မိုင်တိုင်အမှတ် (၄၃/၆)မှာပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လမ်းဖွင့်ပွဲအခမ်းအနားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ မက်စ်ဟိုင်းဝေးကုမ္ပဏီလီမိတက်က (၂၀၁၆-၁၇) ဘဏ္ဍာနှစ်က စတင်ပြီး ရန်ကုန်- ပြည်- မကွေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ လုပ်ငန်းပထမအဆင့်အနေနဲ့ မိုင်တိုင်အမှတ် (၂၂/၃)မှ (၅၀/၀) အထိ မူလ (၂၄)ပေအကျယ် ကျောက်ကတ္တရာနှစ်လမ်းသွားမှ (၄၈)ပေအကျယ်၊(၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းမကြီးအဖြစ် တိုးချဲ့တည်ဆောက်ခဲ့တာလို့သိရပါတယ်။

အဆိုပါ လမ်းပိုင်းဟာ (၂၇)မိုင် (၅)ဖာလုံ ရှည်လျားပြီး စုစုပေါင်းငွေကျပ် ဘီလီယံ(၅၀) အကုန်ကျခံအဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လမ်းရဲ့အရည်အသွေးကောင်းမွန်စေဖို့နဲ့ လမ်းအသုံးပြုသူတွေ အန္တရယ်ကင်းရှင်းစွာသွားလာနိုင်စေဖို့ ရည်ရွယ်ပြီး ဂျပန်နိုင်ငံမှ အတွေ့အကြုံရင့်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nippon Koei(နီပွန်ကိုအိ) ကုမ္ပဏီထံကို Detailed Design အပ်နှံကာတည်ဆောက်ခဲ့တာလို့သိရပါတယ်။စုစုပေါင်း (၃၀၈)မိုင် (၅)ဖာလုံ ရှည်လျားတဲ့  ရန်ကုန် - ပြည် - မကွေးလမ်းမကြီးကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဒုတိယအဆင့်အနေနဲ့ တိုက်ကြီးမိုင် (၅၀)ကနေ သာယာဝတီမိုင်(၈၀) အထိ ဆက်လက်ဖောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဒုတိယအဆင့်ဖောက်လုပ်သွားမယ့် လမ်းကလည်း  လေးလမ်းသွားလမ်းအဖြစ်တိုးချဲ့ဖောက်လုပ်သွားမှာဖြစ်ပါတယ်

 

Related News