ရန်ကုန်တက္ကသိုလ်မှ သမိုင်းအထူးပြုကျောင်းသား၊ ကျောင်းသူများရဲ့ အကြိမ်(၂၀)မြောက်အာစရိယပူဇော်ပွဲကို ဖေဖော်ဝါရီလ (၉)ရက်က ရန်ကုန်မြို့ရှိ တက္ကသိုလ်များ ဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ သမိုင်းအထူးပြုကျောင်းသား၊ ကျောင်းသူများရဲ့ အကြိမ်(၂၀)မြောက်အာစရိယ ပူဇော်ပွဲမှာ သက်ကြီး ဆရာ/ဆရာမ (၉၁)ဦးတို့ကို အာစရိယပူဇော်ပွဲပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အသက် (၆၅)နှစ် သက်ကြီးဆရာ၊ ဆရာမတွေ ကို တစ်ဦးလျှင် ကန်တော့ခံ ငွေကျပ် (၁)သိန်း၊ အသက် (၆၅)နှစ်ကနေ (၇၀)နှစ်အထိကို တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနဲ့ (၇၅)နှစ်နဲ့ အထက်သက်ကြီး ဆရာ၊ ဆရာမတွေကိုတော့ တစ်ဦးလျှင် ငွေကျပ် (၃)သိန်း ကန်တော့ခဲ့ကြပါတယ်။

အာစရိယပူဇော်ပွဲကို တစ်နှစ်ထက်တစ်နှစ်ပိုမိုကောင်းမွန်လာအောင် နှစ်စဉ်ပြုလုပ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်က စတင်ပြီး အသက်(၆၅)နှစ်အထက် သက်ကြီး ဆရာ၊ ဆရာမတွေကို ကန်တော့ခံဖို့အတွက် ထည့်သွင်း ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တက္ကသိုလ်စတင်တည်ထောင်ခဲ့တဲ့ (၁၉၂၀)ကတည်းက  သက်ရှိထင်ရှားရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူ တွေအပါအ၀င် ယနေ့ (၂၀၁၉)ခုနှစ်အထိ ကျောင်းသား၊ ကျောင်းသူအားလုံးပါဝင်ကန်တော့ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

  အာစရိယပူဇော်ပွဲမှာ ဆီမီးထွန်းညှိပူဇော်ခြင်းတွေအပြင် သက်ကြီး ဆရာ၊ ဆရာမကြီး များကို လှူဖွယ်ပစ္စည်းတွေနဲ့ လည်း လှူဒါန်းပူဇော်ခဲ့ကြ ပါတယ်။ ဒါ့အပြင် ကန်တော့ခံဆရာကြီး တစ်ဦးမှ သြ၀ါဒ စကားပြန်လည်ပြောကြားခဲ့ပြီး  အလှူငွေနှစ်သိန်းကျပ်နဲ့ အထက် အလှူရှင်တွေ ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ တယ်လို့သိရပါတယ်။

 

Related News