တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင်ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဆန်စပါးသီးနှံအခြေခံဈေးနှုန်းကို နှစ်စဉ်စနစ်တကျတွက်ချက်ပြီး စိုက်ပျိုးရာသီချိန်မတိုင်မီထုတ်ပြန်ပေးနိုင်ရင် တောင်သူလယ်သမားများအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ဖေဖော်ဝါရီ ၉ရက်ကမန္တလေးမြို့၊ မန္တလေးကွန်ဗင်းရှင်းစင်တာမှာပြုလုပ်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။ ဒုတိယသမ္မတကပြီးခဲ့တဲ့နှစ်နေပြည်တော်မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့ပြီး ဆန်စပါးသီးနှံအခြေခံဈေးနှုန်းကိုတောင်သူတွေ အကျိုးစီးပွားအလို့ငှာ ထုတ်ပြန်ကြေညာပေးနိုင်ခဲ့တဲ့အတွက် တောင်သူလယ်သမားတွေ ဈေးနှိမ်ခံရမှုများမှကင်းဝေးခဲ့တယ်လို့ပြောပါတယ်။ ဒီလုပ်ငန်းစဉ်အောင်မြင်မှုကိုအခြေတည်ကာ ပိုမိုကောင်းမွန်တဲ့စနစ်တစ်ခုတည်ဆောက်သွားနိုင်ဖို့“ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းလေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့”ဦးဆောင်အဖွဲ့ကို တာဝန်ခံဖွဲ့စည်းပြီး လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့ပြောပါတယ်။ အခြေခံဈေးဆိုတာ တောင်သူများသီးနှံပေါ်ချိန်မှာ ထိုက်သင့်တဲ့ဈေးနှုန်းရရှိရန်နှင့် ဈေးနှိမ်မခံရစေရန်ကြိုတင်ကြေညာထုတ်ပြန်ထားတဲ့ ဈေးနှုန်းဖြစ်ပြီး တောင်သူများအတွက်စိုက်ပျိုးထုတ်လုပ်မှုကိုယုံကြည်မှုရှိရှိနဲ့ အာရုံစိုက်လုပ်ကိုင်စေနိုင်မှာဖြစ်လို့ နှစ်စဉ်စနစ်တကျတွက်ချက်ပြီး စိုက်ပျိုးရာသီချိန်မတိုင်မီ ထုတ်ပြန်ကြေညာပေးနိုင်မည်ဆိုရင်တောင်သူလယ်သမားတွေအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်စေမှာဖြစ်တယ်လို့ အမှာစကားမှာထည့်သွင်းပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ ဆန်စပါးလုပ်ငန်းဟာ အထူးအရေးပါတဲ့စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပြည်ပတင်ပို့မှု အနေနဲ့ နှစ်စဉ်ကျပ်ဘီလီယံ(၁)ထောင်ကျော် ဝင်ငွေရှာဖွေပေးနိုင်တယ်လို့သိရပါတယ်။ ၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန်(၃)ဒသမ(၅)သန်းပြည်ပတင်ပို့ရောင်းချနိုင်ခဲ့ပြီး နှစ်ပေါင်း(၇၃)နှစ်အတွင်း အများဆုံးစံချိန်တင် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဆန်ဝယ်နိုင်ငံများနဲ့ G to G ညှိနှိုင်းပေးမှုနဲ့ ကိုတာ(Quota)ရရှိရေးကိစ္စ ရပ်တွေကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာအရည်အသွေးအရရော ဈေးနှုန်းအရပါယှဉ်ပြိုင်နိုင်ဖို့ ၊ food safety ကိုဂရုစိုက်ဆောင်ရွက်ဖို့၊ ထုတ်လုပ်သန့်စင်မှုနဲ့ထုပ်ပိုးမှုတွေကိုခေတ်မီဆန်းသစ်အောင် ဆောင်ရွက်ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်ကြောင်းလည်းတိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာကဏ္ဍအတွက် သီးနှံအာမခံစနစ်ကိုရှေ့ပြေးအဖြစ် ကျင့်သုံးနိုင်ရန်ကြိုးပမ်းနေပြီး မြန်မာ့အာမခံလုပ်ငန်းနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကာ ရာသီဥတုအခြေခံအာမခံစနစ်ကို စတင်ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်နေပြီလို့လည်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကနဲ့အစိုးရထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဥပဒေပညာရှင်များ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး မြန်မာ့ဆန်စပါးဥပဒေကို ရေးဆွဲနေတယ်လို့သိရပါတယ်။

 

Related News