စည်ပင်သာယာရွေးကောက်ပွဲတွေဟာ နေ့စဉ်ဘ၀အတွက် ချက်ချင်းအကျိုးပြုတာကြောင့်  ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကို သေချာစိစစ်ပြီး ဆန္ဒမဲပေးကြဖို့ (Yangon Votes)ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ကာ တိုက်တွန်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့နေပြည်သူတွေအတွက် ချက်ချင်းအကျိုးပြုစေတဲ့ အခြေအနေ၊ နေ့စဉ်ကြုံတွေနေရတဲ့ စည်ပင်သာယာနဲ့ပတ်သက်တဲ့အခက်အခဲတွေအတွက် ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်ကော်မတီဝင် တွေကို တိုက်ရိုက်တင်ပြနိုင်တာတွေကြောင့်  အရေးကြီးတယ်လို့လည်း ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်သူ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

လာမယ့် မတ်လ(၃၁)ရက်မှာကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး(Yangon Votes)ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကို (American Center Yangon)မှာ ဖေဖော်ဝါရီ(၁၄)ရက်ညနေပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် People's Alliance for Credible Elections(PACE)က ဦးစိုင်းရဲကျော်စွာမြင့်၊Yangon Watch က ဒေါ်ညိုညိုသင်း၊ New Myanmar Foundation က ဒေါ်မြနန္ဒာသင်း၊ International IDEA(အိုင်ဒီယာ) က ဦးပြည့်စုံ တို့ပါဝင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ပြည်တွင်းပြည်ပက ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို စိတ်ပါဝင်စားသူတွေနဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြတာပါ။ ကိုယ်စားလှယ်တွေရွေးဖို့ အခွင့်အရေးရတဲ့အချိန်မှာ ရွေးချယ်ပေးရမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ မဲပေးတာအပြင် စောင့်ကြည့်လေ့လာသူတွေအနေနဲ့ရော ပါဝင်လုပ်ဆောင်သင့်ကြောင်းတွေကို တိုက်တွန်းဆွေးနွေးကြတာဖြစ်ပါတယ်။  

ဒီရွေးကောက်ပွဲဟာ အမှိုက်ကိစ္စ၊ဈေးကိစ္စမှသည် ရန်ပုံငွေကိစ္စတွေ၊အခွန်ကိစ္စတွေ၊ဘတ်ဂျတ်ကိစ္စတွေထိ လူထုပါဝင်တာမျိုးတွေ တွေ့ရမှာဖြစ်သလို အမျိုးသမီးကော်မတီဝင်လောင်းတွေလည်း ပါဝင်နေတာတွေ တွေ့လာရတာဟာ အပေါင်းလက္ခဏာဆောင်တယ်လို့လည်း ဆွေးနွေးပွဲကနေ သုံးသပ်ထားပါတယ်။  ကော်မတီဝင်လောင်းတွေကို သေချာရွေးချယ်သင့်ပြီး ဒါဟာအရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဘတ်ဂျတ်သုံးငွေတွေကိုလည်း ဘယ်နေရာမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာတွေကို ပြည်သူလူထုရဲ့ပါဝင် စီမံခန့်ခွဲသင့်ပြီး လူထုကတင်မြောက်တဲ့ ကော်မတီဝင်တွေရှိရင် ခုလိုလုပ်ဆောင်နိုင်မှာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

ပြည်သူကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေကို သေချာစိစစ်ရွေးချယ် ဆန္ဒမဲပေး ရွေးချယ်ပေးဖို့ လည်းပါဝင်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေမရှိလို့ ငွေကြေး အပါအ၀င် ဆုံးရှူံးမှုတွေရှိနိုင်တာတွေ၊ မဲပေးတာ၊စောင့်ကြည့်တာ၊ သတင်းအချက်အလက်ပေးတာ၊မဲပေးပုံနည်းစနစ်တွေကို သေချာလေ့လာစစ်ဆေးသင့်တာ၊ အသိပညာပေးတာတွေ စတာတွေရဲ့လိုအပ်မှုအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

 

Related News