မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ(၁၅)ရက်က နေပြည်တော် တပ်ကုန်းမြို့နယ်မှာရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးမှာပြုလုပ်ခဲ့ပါတယ်။  ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို လွန်ခဲ့တဲ့ (၁၉၄၆) ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခု(၂၀၁၉) ခုနှစ်မှာတော့ (၇၃)နှစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အရာထမ်း၊ အမှုထမ်းတွေအနေနဲ့ (၇၃)နှစ် မြောက်မှသည် လာမည့် (၇၅)နှစ်မြောက် စိန်ရတုပွဲ နဲ့ နှစ်(၁၀၀) ပြည့်ရာပြည့်ပွဲ အထိဆင်နွှဲနိုင်အောင် ကြိုပမ်းဆောင်ရွက်ကြဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။အဆိုပါအခမ်းအနားကို  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းတို့ အပါအ၀င် ပြန်ကြားရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေတက်ရောက်ခဲ့ ကြပါတယ်။ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား မှာတော့ (၂၀၁၈)ခုနှစ်အတွက် ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ်ရရှိခဲ့သူ(၂၂) ဦးကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းတွေနဲ့  Program၊ ဇာတ်လမ်းတိုများမှာ ဆုရရှိခဲ့သူ(၁၆)ဦးကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အငြိမ်းစားယူသွားတဲ့ ပုဂ္ဂိုလ်(၄)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနဲ့ ၀န်ထမ်းစုစုပေါင်း (၂၄၅၁)ဦးအတွက် ဆိုင်ကယ်၊ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ဗလာမပါကံစမ်းမဲတွေ အဖြစ် မဲနှိုက်ခြင်းတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ နှစ်ပတ်လည်နေ့အခမ်းအနားကို ပြုလုပ်ပေးခဲ့တာက လုပ်ငန်းခွင်မှာတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ စိတ်ဓာတ်ခွန်အား မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီးပြုလုပ်တာဖြစ်တယ်လို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ၀န်ထမ်းတွေနဲ့ ၀န်ထမ်းမိသားစုဝင်တွေအတွက် တေးဂီတဖျော်ဖြေပွဲတွေ နဲ့ အဆိုပါ နှစ်ပတ်လည်နေ့မတိုင်မီမှာ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုလည်း ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။

 

Related News