ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ဖေဖော်ဝါရီလ(၂၃)ရက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၃၂၅) ၀န်းကျင်အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေနှုန်းကတော့ အခေါက်ရွှေဈေးတစ်ကျပ်သားကို ငွေကျပ်ဆယ်သိန်း ရှစ်သောင်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။ ပြည်တွင်းရွှေဈေးက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လပိုင်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ကိုးသိန်းအထက်ကို ရောက်ရှိ ခဲ့ပြီး (၂၀၁၇) စက်တင်ဘာလမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို (၁၀)သိန်းကျော်ထိ တစ်ရိပ်ရိပ် မြင့်တက်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ် ဒီဇင်ဘာလ (၄)ရက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကိုငွေကျပ် (၉)သိန်း (၆)သောင်းအထိ ပြန်လည် ကျဆင်းခဲ့ပြီး အခု (၂၀၁၉)ခုနှစ် နှစ်စပိုင်းကစလို့ ရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ် (၁၀)သိန်း (၂)သောင်းကျော် ပြန်လည်မြင့်တက်ခဲ့ရာ  ဒီနေ့ ဖေဖော်ဝါရီလ (၂၃)ရက်မှာတော့ (၁၀)သိန်း(၈)သောင်း အထိ စံချိန်တင်မြင့်တက်နေပါတယ်။

ကမာ့္ဘရွှေဈေးတက်ရင် ပြည်တွင်းရွှေဈေးလိုက်တက်တာဖြစ်ပြီး  လက်ရှိကမ္ဘာ့ရွှေဈေးဟာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံ ကုန်သွယ်ရေး ညှိနှိုင်းနေမှုတွေအပေါ်မူတည်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဦးကျော်ဝင်းက သုံးသပ်ပါတယ်။ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် ကုမ္ပဏီရှယ်ယာတွေက အတက်အကျများတာကြောင့် ရွှေကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ၀ယ်ယူကြတယ်လို့သိရပါတယ်။ ပြည်တွင်းမှာ (၂၀၁၉) ခုနှစ် ရင်းနှီးမြှုပ်နှံမှုအနေအထားနဲ့ စီးပွားရေး အခြေအနေတိုးတက်ပြောင်းလဲ လာမှုကလည်း သိပ်မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ဒါ့ကြောင့် လုပ်ငန်းရှင်တွေက ရွှေကို ပိုပြီးစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ၀ယ်ယူကြတာဖြစ်ပြီး  ပြည်တွင်း ရွှေဈေးဟာ ပြန်လည်ကျဆင်းမှုမရှိနိုင်တော့ဘဲ အမြင့်ပိုင်းမှာပဲဆက်လက်ရှိနေအုံးမယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက  သုံးသပ်ထားပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၂၃)ရက်ရဲ့ပြည်တွင်း အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ် (၁၀)သိန်း (၈)သောင်း(၁၅)ပဲရည် တစ်ကျပ်သားကို ငွေကျပ် (၁၀)သိန်း (၅)ထောင်ရှိပြီး  ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၃၂၅)ပေါက်ဈေးရှိနေပါတယ်။


 

Related News