မှော်ဘီမြို့နယ်အတွင်း စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး လူသုးံကုန်ပစ္စည်းထုတ်လုပ်မှုတွေကို အမျိုးသမီးတွေ သီးသန့်စုပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ဖန်တီးလက်အဖွဲ့ကို (၂၀၁၈)ခုနှစ်စက်တင်ဘာလက စတင်တည်ထောင်ခဲ့ပြီး ကျေးရွာတွေ၊ မြို့တွေ၊ လူနေအိမ်တွေမှာရှိတဲ့ စွန့်ပစ်အမှိုက်တွေကို လျှော့ချဖို့ရည်ရွယ်ချက်နဲ့၊ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပြီး ထိန်းသိမ်းတတ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ကိုတော့ မှော်ဘီမြို့နယ်အတွင်းမှာရှိတဲ့ ရေတာရှည်ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာစတဲ့ ကျေးရွာနှစ်ရွာက အမျိုးသမီး(၂၀)ခန့်နဲ့ စတင်တည်ထောင်ခဲ့ပြီး နေအိမ်တွေ၊ လက်ဖက်ရည်ဆိုင်တွေက နေ့စဉ်ထွက်ရှိလာတဲ့ ကော်ဖီမစ်အိတ်ခွံတွေနဲ့ ကားတာယာတွေကိုစုဆောင်းရယူပြီး လူသုးံကုန်ပစ္စည်းတွေ ပြန်လည်ထုတ်လုပ်နေတာပါ။ ဒီလိုလုပ်ဆောင်တာဟာ ကျေးရွာတွေမှာနေထိုင်တဲ့ အိမ်ရှင်မတွေဖြစ်တဲ့ အမျိုးသမီးတွေအနေနဲ့ ၀င်ငွေတိုးတက်ပြီး မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တဲ့အပြင် အားလပ်ချိန်တွေမှာ လက်မှုပညာနဲ့ဘ၀ရပ်တည်နိုင်စေဖို့ အခုလိုတည်ထောင်ခဲ့တာဖြစ်တယ်လို့ ဖန်တီးလက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်။

ဖန်တီးလက်အဖွဲ့ဆိုတာ အမျိုးသမီးတွေစုပေါင်းပြီး လက်ကိုအသုံးပြုကာ လူသုးံကုန်ပစ္စည်းတွေဖန်တီးရတဲ့အတွက် ဖန်တီးလက်လို့ အမည်ပေးခဲ့တာဖြစ်ပြီး အခုလိုအမှိုက်ကနေ လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်နိုင်ဖို့ ဒလမြို့နယ်အတွင်းက ကြွပ်ကြွပ်အဖွဲ့ဆီမှာ သင်တန်းတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဖန်တီးလက်အဖွဲ့က အမျိုးသမီးတွေ စုပေါင်းဖန်တီးထားတဲ့ လက်ရာတွေအနေနဲ့ စလင်းဘတ်အိတ်၊ ထမင်းချိုင့်အိတ်၊ ဆွဲခြင်း၊ တစ်သျူးဘောက်၊ ဆင်အရုပ်တွေဖြစ်ပြီး အဲဒီလိုဖန်တီးထားတဲ့ လက်ရာတွေကိုပြပွဲတွေမှာ သွားရောက်ရောင်းချရပါတယ်။ အဲဒီလို ဈေးကွက်ဝင်ပြီး ဆန်းသစ်စွာဖန်တီးနိုင်ဖို့အတွက် ကြိုးစားခဲ့ရတယ်လို့ ဖန်တီးလက်အဖွဲ့က အဖွဲ့ဝင် ဒေါ်သိင်္ဂီအေးကပြောပါတယ်။အခုလိုအမျိုးသမီးတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖန်တီးလက်အဖွဲ့ဆိုတာ အမျိုးသမီးစီးပွားစွမ်းအားမြှင့်စီမံကိန်းတွေ လုပ်ဆောင်နေတဲ့ ပက်မြန်မာရဲ့စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီစီမံကိန်းကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့နယ်ပေါင်း(၁၀)မြို့နယ်မှာစတင်ခဲ့ပြီး (၂၀၁၈)ခုနှစ်ကနေ(၂၀၂၁)ခုနှစ်အထိ သုံးနှစ်တာအတွင်း မှော်ဘီမြို့နယ်နဲ့ သထုံမြို့နယ်အတွင်းက အမျိုးသမီးအဖွဲ့ဝင်ပေါင်းသုးံသောင်းကျော်ကို စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုသင်တန်းတွေ ပို့ချခဲ့တယ်လို့ ပက်မြန်မာက အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်မော်မော်စိုးက ပြောပါတယ်။ပက်မြန်မာအနေနဲ့ အမျိုးသမီးစီးပွားစွမ်းအားမြှင့်စီမံကိန်းအဖြစ် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုသင်တန်းအပြင် ကျေးလက်ဒေသရေရရှိရေးစီမံကိန်း၊ ဆိုလာစနစ်နဲ့ မီးရရှိရေးစီမံကိန်းတွေကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

 

Related News