တပေါင်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ကလူသိများထင်ရှားတဲ့ ရွှေစာရံဘုရားပွဲတော်မကြာခင်မှာ စတင်တော့မှာဖြစ်တာကြောင့် ဘုရားပွဲတော်အတွက်ရိုးရာဓလေ့ဆိုင်ခန်းတွေက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။ရွှေစာရံဘုရားဟာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှာရှိပြီး အနော်ရထာမင်းကြီးမိဖုရားတစ်ပါးဖြစ်တဲ့ ရှမ်းမင်းသမီးစောမွန်လှ တည်ခဲ့တဲ့ သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်ပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့မှ လပြည့်ကျော်၉ရက်ထိ(၁၀)ရက်တိုင် ကျင်းပလေ့ရှိပါတယ်။ လက်ရှိမှာရွှေစာရံဘုရားပွဲတော်ဓလေ့ဖြစ်တဲ့ ထန်းရွက်၊ထန်းဖူးနဲ့ပြုလုပ်တဲ့ရိုးရာဓလေ့လက်မှုအမှတ်တရပစ္စည်းဆိုင်တွေ၊ ရှမ်းဒေသထွက်ပစ္စည်းရောင်းချတဲ့ဆိုင်တွေနဲ့ ရိုးရာမုန့်ဆိုင်တွေက ဘုရားပွဲတော်အမီ ဆိုင်ခန်းနေရာချခင်းကျင်းနေကြပြီဖြစ်ပါတယ်။ 

ရွှေစာရံဘုရားပွဲတော်မှာရိုးရာဓလေ့တစ်ခုဖြစ်တဲ့ထန်းရွက်ထန်းဖူးနဲ့ပြုလုပ်တဲ့ထန်းရွက်ပုတီး၊ငါးရုပ်အကြီး၊ငါးရုပ်အသေး၊ယပ်တောင်၊တံခွန်လုံးနဲ့ဗူးသီးခြောက်စတဲ့ ရိုးရာလက်မှု ပစ္စည်းဆိုင်တွေကိုအများအပြားတွေ့မြင်ရမှာပါ။ ရှမ်းတိုင်းရင်းသားဆိုင်ခန်းတွေကတော့ ဒေသထွက်ပစ္စည်း တွေနဲ့ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေကိုရောင်းချလေ့ရှိ ကြပါတယ်။ စိတ်ဝင်စားစရာထန်းရွက်၊ထန်းဖူးလက်မှုပစ္စည်းတွေကိုတော့ ကျောက်ဆည် ခရိုင်ထဲကညောင်ဝန်း ကျေးရွာမှာဘိုးဘွားလက်ထက်ကတည်းကလက်ဆင့်ကမ်းပြုလုပ်လာခဲ့ကြတယ်လို့ဆိုပါတယ်။ ရွှေစာရံဘုရားပွဲအမီ ရောင်းချနိုင်ဖို့်ကုန်ကြမ်းစုဆောင်းတာနဲ့ ပစ္စည်းပြုလုပ်တာကို (၃)လလောက်ကြိုတင်ပြင်ဆင်ကြရတယ်လို့ လာရောက်ရောင်းချသူတစ်ဦးက ပြောပါတယ်။ 

ယခုနှစ်ရွှေစာရံဘုရားပွဲတော်မှာဆိုင်ခန်းပေါင်း၁ထောင်ကျော်ရောင်းချဖို့နေရာချထားပြီး ဆိုင်ခန်းတွေကတော့ ရှမ်းဆိုင်ခန်းက၂သောင်းကျပ်နဲ့ ဗမာဆိုင်ခန်းက၃သောင်းကျပ် မနှစ်ကထက်နှုန်းတိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ရွှေစာရံဘုရားပွဲတော်ကိုနှစ်စဉ်မန္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊ နောင်ချိုစတဲ့နေရာဒေတွေက အများဆုံးလာရောက်ကြပြီးအနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေနဲ့ စည်ကားများပြားလေ့ရှိတယ်လို့ သိရပါတယ်။


 

Related News