ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မစိုးစိုးဝင်းဟာ အသက်အန္တရယ်များတဲ့  အဆိပ်မထုတ်ထားတဲ့ မြွေနဲ့ ကပြ ဖျော်ဖြေတဲ့ အလုပ်ကိုပါ ပူးတွဲလုပ်ကိုင်လာတာ (၁၉)နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ထဲမှာနေထိုင်ခဲ့ပြီး အသက်(၁၆)နှစ်ကတည်းက မြွေနဲ့ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲမှာ စနေ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေဆိုရင် မစိုးစိုးဝင်းတစ်ယောက် နေ့လည်2နာရီမှာ ကပြမယ့်ဖျော်ဖြေပွဲ အတွက် ဖျော်ဖြေရေးစင်မြင့်ရှိရာအနောက်ဘက်မှာ ပြင်ဆင်မှုတွေပြုလုပ်ရပါတယ်။ ဒီအလုပ်ကို စတင်လုပ်ခဲ့စဉ်ကတည်းက မြွေကြောက်ခဲ့ရပြီး အခက်အခဲတွေရှိခဲ့တယ်လို့ မစိုးစိုးဝင်းကပြောပါတယ်။

မစိုးစိုးဝင်းကို မြွေရဲ့ သဘောသဘာဝတွေ မြွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ဆရာဦးစိန်တင်က အနီးကပ်ပြသမှုတွေကြောင့် မြွေအကြောင်းနားလည်လာပြီး ကိုင်တွယ်လာနိုင်ခဲ့တယ်လို့ မစိုးစိုးဝင်းကပြောပါတယ်။ ဦးစိန်တင်ကတော့ မြွေတွေကို စိတ်ဝင်စားလို့ မြွေတွေအကြောင်းကို လေးငါးနှစ်ခန့် လေ့လာခဲ့ပြီးတဲ့နောက်မှာတော့ မြွေအကြောင်းနားလည် ခဲ့ပြီး မြွေနဲ့ပတ်သက်တာတွေကို မစိုးစိုးဝင်းအပြင် အခြားသူတွေကိုပါ ယနေ့ထိ သင်ပေးနေတုန်းဖြစ်တယ်လို့ ဦးစိန်တင်ကပြောပါတယ်။ ရန်ကုန်တရိစ္ဆာန်ဥယျာဉ်ထဲမှာ စနေ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ  မျက်လှည့်ပြခြင်း မြွေနဲ့အတူ ကပြဖျော်ဖြေခြင်းနဲ့ မျောက်အက ဆင်အကတွေနဲ့ ဖျော်ဖြေလေ့ရှိပါတယ်။

 
 

Related News