ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော် (၂၀၁၉)  လာမယ့်မေလအတွင်း မန္တလေးမြို့ Hotel Hazel မှာ ပြုလုပ်သွားမယ်လို့ မတ်လ(၁၂)ရက်ကHotel Hazel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကသိရပါတယ်။မြန်မာ့သရက်သီးပွဲတော်(၂၀၁၉)ကို မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနဲ့ မြန်မာနိုင်ငံသရက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(မန္တလေး တိုင်းဒေသကြီး)တို့ ပူးပေါင်းပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာ့သရက်သီးနဲ့ သစ်သီးဝလံပန်းမန်၊ ဟင်း သီးဟင်းရွက်တွေတန်းဝင်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်ရန်၊ မြန်မာ့သရက်ကိုကမ္ဘာက သိရှိစေရန်၊ သရက်သီးစိုက်ပျိုးရာမှာ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရန်စတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် စိုက်ပျိုးထုတ်လုပ်သူတွေ၊ ၀ယ်ယူသူတွေနဲ့ တင်ပို့ရောင်းချသူတွေအတွက် ခိုင်မာတဲ့ ဈေးကွက်ချိတ်ဆက်မှု ဖော်ဆောင်ပေးနိုင်ရန်အတွက် ပြုလုပ်ရတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံသရက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောပါတယ်။အခုပြုလုပ်မယ့်သရက်သီးပွဲတော်မှာစိန်တစ်လုံး၊ မြကျောက်၊ပတ္တမြားငမောက်၊ရွှေဟင်္သာ၊ရင်ကွဲစတဲ့ သရက်သီးမျိုးပေါင်း (၁၀၀)ကျော် ပြသသွားမယ်လို့သိရပါတယ်။

ဒီပွဲတော်မှာပြည်တွင်းပြည်ပကုမ္ပဏီတွေက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စက်ပစ္စည်းတွေ၊သရက်နဲ့ ဆက်စပ်တဲ့ ဆေးပစ္စည်းတွေကိုလည်း ပြသသွားမယ်လို့သိရပါတယ်။ဒါ့အပြင် စိန်တစ်လုံး၊ မြကျောက်၊ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ အခြားသရက် (ပြည်တွင်း၊ ပြည်ပ)စတဲ့ သရက်သီး(၇)မျိုးပြိုင်ပွဲကိုလည်း ထည့်သွင်းပြုလုပ်သွားမယ်လို့သိရပါတယ်။ပြိုင်ပွဲမှာ ပထမဆု ငွေကျပ် နှစ်သိန်း၊ ဒုတိယဆု တစ်သိန်းခွဲ၊ တတိယဆု တစ်သိန်းကျပ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော်(၂၀၁၉)ကို  လာမယ့်မေလ (၁၁) မှ (၁၂) ရက်ထိ (၂) ရက် ကြာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

 

 

Related News