မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူတောင်ပေါ်မှာ တည်ထားကိုးကွယ်နေတဲ့ ဥာဏ်တော်အမြင့်(၂၅၅ပေ ၆လက်မ)ရှိ ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော် ဘုရားကြီးတည်ဆောက်မှု (၉၅)ရာခိုင်နှုန်းပြီးစီးနေပြီလို့ သိရပါတယ်။ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးတည်ဆောက်ဖို့အတွက် (၂၀၁၃)ခုနှစ်ကစပြီး ဘုရားသုံးဆူတောင်ပေါ်မှာ မြေထိန်းခြင်းလုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ပြီး (၂၀၁၆)ခုနှစ်မှ အုတ်မြစ်ချခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဘုရားကြီးတည်ဆောက်မှု(၉၅)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး ဘုရားကြီးရဲ့အတွင်းပိုင်းမှာအထပ်ပေါင်း(၁၈)ထပ်ပါဝင်တယ်လို့သိရပါတယ်။ ဘုရားဖူး ပြည်သူတွေကိုတော့ ဘုရားကြီးရဲ့ ပထမအထပ်ထိသာဝင်ရောက် ဖူးမျှော်ခွင့်ပြုသွားမှာဖြစ်ပြီး ကျန်အထပ်တွေကိုတော့ ပြင်ဆင်ထိမ်းသိမ်းစောင့်ရှောက်ခြင်း သာလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဘုရားကြီးရဲ့ပထမအထပ်မှာတော့ ဌာပနာခန်းအပါအ၀င် ဗုဒ္ဓ၀င်ပြခန်း၊ အောင်ခြင်း(၈)ပါး၊ ကောသလမင်းအိမ်မက်(၁၆)ချက် စတဲ့ဗုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပန်းချီရေးဆွဲပူဇော်သွားမယ်လို့သိရပါတယ်။ ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးတည်ဆောက်ပြီးစီးပါက ဘုရားဖူးလာရောက်မည့်သူတွေကို အခမဲ့တည်းခိုဖို့အတွက် ဘုရားဖူးနားနေဆောင်များဆောက်လုပ် ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့တပို့တွဲလပြည့်နေ့ကစပြီး ဘုရားဖူးပြည်သူတွေကိုနေ့စဉ် စတုဒီသာကျွေးမွေးလှူဒါန်း နေတယ်လို့သိရပါတယ်။ ဥာဏ်တော်အမြင့်(၂၅၅ပေ ၆လက်မ)ရှိ ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ရတဲ့ရည်ရွယ်ချက်ကတော့ လက်ရှိသာသနာနှစ်ကို ရည်ညွှန်းပြီး တည်ထားတာလို့ ဘုရားသုံးသူကျောင်းဆရာတော်ကမိန့်ပါတယ်။

ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးကိုတော့ လာမယ့်ဧပြီလ(၆)ရက် ဌာပနာပိတ်ပွဲနဲ့ (၇)ရက်မှာဘုရားအနေကဇာတင်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဘုရားအနေကဇာတင်ပွဲ မှာတော့ တရားပွဲတွေအပြင် ပျော်ပွဲရွှင်ပွဲတွေလဲထည့်သွင်းသွားမယ်လို့သိရပါတယ်။

 

 

Related News