ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ အာမခံပြီးငွေချေးခိုင်းထားတာမျိုး မရှိကြောင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ပုဂ္ဂလိက ယာဉ်လိုင်း ကုမ္ပဏီတစ်ချို့ရဲ့ဘဏ်ချေးငွေမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အာမခံထားတယ်ဆိုတဲ့ပြောဆိုမှုတွေအပေါ် ၀န်ကြီးချုပ်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးအစိုးရလက်ထက် ရန်ကုန်မြို့ရဲ့ဘတ်စ်ကားစနစ်ကိုပြောင်းလဲရာမှာ ပုဂ္ဂလိကကုမ္ပဏီတွေဘက်က ဘဏ်ချေးငွေရယူကာ အရင်ကားဟောင်းတွေနေရာမှာ ကားသစ်တွေ နဲ့ အစားထိုးပြေးဆွဲမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒီလို YBS စနစ်ပြောင်းလဲမှုမှာ ကုမ္ပဏီတွေဘက်က ချေးငွေရယူမှုကို ကန့်ကွက်စရာမရှိသလို ဒီကုမ္ပဏီတွေငွေချေးရာမှာ တိုင်းဒေသကြီး အစိုးရဘက်က အာမခံထားတာလည်းမရှိကြောင်း ၀န်ကြီးချုပ် ကပြောပါတယ်။

ဘဏ်တွေအနေနဲ့ ဘဏ်လုပ်ထုံးလုပ်နည်းအရ သာ စိစစ် ငွေချေးဖို့နဲ့ ချေးငွေပြန်မဆပ်ပါက ဘဏ်လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာစီးပွားရေးဆောင်ရွက်မှုကို ပိတ်ပင်မှာမဟုတ်ပေမယ့် မည်သူ့ကိုမှ အထူးအခွင့်အရေးမပေးထားကြောင်းလည်း ၀န်ကြီးချုပ်ကရှင်းလင်းပြောကြားပါတယ်။

လက်ရှိတိုင်းဒေသကြီး အစိုးရလက်ထက်မှာ (၂၀၁၇)ခုနှစ် ဇန်န၀ါရီ(၁၆)ရက် ကစပြီး အရင် မ.ထ.သ စနစ်ကနေ YBS စနစ်ကိုပြောင်းလဲပြီးနောက် (၂)နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့တွင်းဘတ်စ်ကားလိုင်းတွေမှာ အများပိုင်ကုမ္ပဏီ(၂၀)ကျော်က ပါဝင်လုပ်ကိုင်နေတာဖြစ်ပါတယ်။ကုမ္ပဏီအများစုက စီမံကိန်းတင်ပြချက်နဲ့ ယာဉ်တွေရဲ့အုံနာဘုတ်တွေတင်ပြပြီး ဘဏ်ချေးငွေ ရယူထားတာတွေရှိတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ရန်ကုန်မြို့မှာတော့ အများပြည်သူသွားလာရေးအတွက် YBS စနစ်အောက်မှာ ယာဉ်လိုင်းပေါင်း (၁၀၀)၀န်းကျင်က ယာဉ်အစီးရေ(၄၆၀၀)နဲ့ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

 

 

Related News