ရွှေတိဂုံစေတီတော် ရွှေပြားသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းအတွက် အနေကဇာတင်အခမ်းအနားကို သင်္ကြန်ပြီးကာလမှာပြုလုပ်သွားမယ်လို့သိရပါတယ်။ရွှေတိဂုံစေတီတော်မှာ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ဖို့အတွက် ငြမ်းစေတီလုပ်ငန်းစတင်ခြင်းကို (၂၀၁၈)ခုနှစ်စက်တင်ဘာလ (၁၅)ရက်မှာစတင်ပြုလုပ်ခဲ့တာပါ။ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို လာမယ့်ဖေဖော်ဝါရီလမှာ အပြီးသတ်ကပ်လှူနိုင်ဖို့ စီစဉ်ထားပေမယ့်လုပ်ငန်းကြန့်ကြာနေတဲ့အတွက် အပြီးမသတ်နိုင်သေးတာကြောင့် ရွှေတိဂုံစေတီတော် ရွှေပြားသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းကို ဧပြီလ(၁၂)ရက်မှာအပြီးသတ်ကပ်လှူသွားမယ်လို့သိရပါတယ်။လက်ရှိမှာတော့ ကြာမောက်ကြာလန်အပိုင်းကကြာမောက်အပိုင်းကိုရွှေပြားတွေကပ်ဖို့ကျန်နေသေးပြီး ကျန်အပိုင်းတွေကတော့ အချောသတ်ဖို့သာကျန်တော့တယ်လို့သိရပါတယ်။ ကြာမောက်ကြာလန်မှာ ရှိတဲ့  ရွှေပြား(၃၉၀၀)ကျော်ကို အကုန်ဖြုတ်ပြီး အသစ်ပြန်လည်ကပ်လှူနေတာလို့သိရပါတယ်။

ယခုနှစ်အတွက်ရွှေစင်ရွှေပြားများကို အများပြည်သူများလာရောက်လှူဒါန်းခြင်းကို ပိတ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ဧပြီလ(၁၂)ရက်နောက်ပိုင်းမှာတော့ ငြမ်းစေတီကိုဖြုတ်ယူသွားမှာဖြစ်ပြီး ဘုရားအနေကဇာတင်မယ့်ရက်ကိုတော့ အတိအကျမသတ်မှတ်ရသေးဘူးလို့သိရပါတယ်။နောက်နှစ်အတွက်လှူဒါန်းမယ့် ရွှေပြားသင်္ကန်းအလှူရှင်တွေအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ရွှေသင်္ကန်းဈေးနှုန်းကို ရွှေသင်္ကန်းတစ်ကျပ်သားကို ကျပ် (၈)သိန်း(၁)သောင်းနဲ့အလှူခံနေပြီး ပြင်ပရွှေဈေးနဲ့ မကိုက်ညီတာကြောင့် လာမယ့် မေလ (၁)ရက်ကစပြီး ရွှေတစ်ကျပ်သားကို ကျပ်(၁၀)သိန်းနဲ့ အလှူငွေကောက်ခံသွားမယ်လို့သိရပါတယ်။

 

 

Related News