မန္တလေးမြို့မဟာသင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲကြမည့် လုပ်သားပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံကသိရပါတယ်။မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ မဟာသင်္ကြန်ပွဲတော်ရက်တွေအတွင်းလည်ပတ်ကြတဲ့အများ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို နှစ်စဉ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီနှစ်မှာလည်း  သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြမည့်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်းဒေသကြီးကြက်ခြေနီအသင်းတို့ပူးပေါင်းပြီးဧပြီလ(၁၁)ရက်မှ ဧပြီလ(၁၆) ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

သင်္ကြန်ရက်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ရာမှာ ကျန်းမာရေးဌာနမှ ဝန်ထမ်း (၃၇) ဦး၊ ကြက်ခြေနီအယောက်(၁၀၀) ဝန်းကျင်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ဒါ့အပြင် အရေးပေါ်လူနာရှိလာပါက ဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန်အတွက် အရေးပေါ်လူနာတင်ယာဉ်တွေ ထားရှိပေးသွားမယ်လို့ သိရပါတယ်။

အရေးပေါ်လူနာတင်ယာဉ်တွေကို မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နဲ့ ကျုံးပတ်လည်မှာ (၁)စီး စီထားရှိပေးသွားမှာဖြစ်ပြီး မနောရမ္မံ၊ ကန်တော်ကြီးပတ်လမ်းနဲ့ တောင်သမန် ဦးပိန်တံတားဝန်းကျင်စတဲ့ နေရာတွေမှာလည်းထားရှိပေးသွားမယ်လို့ သိရပါတယ်။

 (၂၀၁၈) ခုနှစ် သင်္ကြန်ရက်အတွင်း ယာဉ်မတော်တဆဖြစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနဲ့ အခြားထိခိုက်မှု ဖြစ်ပွားခြင်း ဖြစ်စဉ်တွေကြောင့် မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနစီမံအုပ်ချုပ်မှုအောက်မှာရှိတဲ့ ခရိုင်၊ မြို့နယ်ဆေးရုံတွေမှာ လာရောက်ကုသတဲ့ လူနာစုစုပေါင်း (၁၅၀၀) ကျော်ရှိခဲ့တယ်လို့သိရပါတယ်။

 

 

Related News