ဒီနှစ်(၂၀၁၉)ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်ပွဲတော်ကာလအပါအ၀င် သင်္ကြန်လုံခြုံရေးစီမံချက်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကြိုတင်ကာကွယ်ဖမ်းဆီးအမှုပေါင်း(၈၀၀)၀န်းကျင်ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သင်္ကြန်ပွဲတော်ကာလ(၄)ရက်တာအတွင်းမှာ မူးယစ်ရမ်းကားမှု၊ ခိုးမှု/ခါးပိုက်နှိုက်မသင်္ကာမှု၊ ယစ်မျိုးဖမ်းဆီးမှု၊ လက်နက်မှု၊ ရဲအက်၃၀(က)ဖြင့်အရေးယူမှု စတဲ့ ဖမ်းဆီးအရေးယူမှုတွေကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြုလုပ်ခဲ့ပါတယ်။ သင်္ကြန်ပွဲတော်မတိုင်ခင် သင်္ကြန်အကြိုကာလမှာလည်း လိင်စိတ်ကြွဆေးတွေ၊ လက်နက်ပုန်း၊ ယစ်မျိုး၊ မူးယစ်ဆေးဝါး၊ ဆင်ဆာမဲ့ဗီဒီယို စတားတွေကို စီမံချက်ချ  ကြိုတင်ကာကွယ်ဖမ်းဆီးအရေးယူမှုတွေ ကိုလည်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်ပွဲတော်ကာလ(၄)ရက်တာအတွင်း မူးယစ်ရမ်းကားမှု(၁)မှု၊ ခိုးမှု/ခါးပိုက်နှိုက်မသင်္ကာမှုနဲ့ အမှု(၂၀)၊ ရဲအက်၃၀(က)ဖြင့်အရေးယူမှုက(၄)မှုဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒါ့ပြင် ကျန်တဲ့ကြိုတင်ကာကွယ် ဖမ်းဆီးမှုတွေ ကတော့ မတ်လ(၁၃)ရက်ကနေ သင်္ကြန်အတက်နေ့ ဧပြီလ(၁၆)ရက်ထိ လိင်စိတ်ကြွဆေးတွေကို အမျိုးသားဆေးဝါးဥပဒေနဲ့ ဖမ်းဆီးအရေးယူမှုက(၁၅)မှု၊ တုတ်၊ ဓား၊ လက်နက်ကိုင်မှုတွေကို လက်နက်မှုနဲ့ ဖမ်းဆီးအရေးယူမှုက အမှုပေါင်း(၂၅၀)ကျော်၊ ယစ်မျိုးကအမှုပေါင်း(၂၇၀)ခန့်၊ မူးယစ်ဆေးဝါးက အမှုပေါင်း(၂၂၀)ကျော်၊ ဆင်ဆာမဲ့ဗီဒီယိုက(၁၉)မှု ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မတ်လ(၁၃)ရက်က စတင်ကာ သင်္ကြန်အတက်နေ့ထိ သင်္ကြန်လုံခြုံရေးစီမံချက်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ အမှုပေါင်း(၈၀၀)၀န်းကျင် ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

ဒီဖမ်းဆီးအရေးယူမှုတွေကိုတော့ လက်ရှိသင်္ကြန်ပြီးကာလမှာ သက်ဆိုင်ရာတရားရုံးတွေကို တရားစွဲဆို တင်ပို့နိုင်အောင် စီမံလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်မြို့တော်မဟာသင်္ကြန်ပွဲတော်အတွင်း မူးယစ်ရမ်းကားတာတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ အပါအ၀င် အခြားသေမှုခင်းဖြစ်ပွားမှုတွေကို တားဆီးကာကွယ် နိုင်ဖို့၊  အများပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ဖို့အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား(၅၀၀၀)ကျော်နဲ့လုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်ခဲ့မှုကြောင့်သင်္ကြန်ကာလတွင်း ဖြစ်ပွားတတ်တဲ့ မှုခင်းဖြစ်စဉ်တွေ အထိုက်အလျောက် လျော့ကျခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။  သက်စိုးအောင်က ပေးပို့ထားတာဖြစ်ပါတယ်။
 

 

 

Related News