ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော် (၂၀၁၉) ကိုမန္တလေးမြို့ Hotel Hazel မှာ မေလ(၁၁) ရက်မှ (၁၂) ရက်အထိ (၂) ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ မြန်မာ့သရက်သီးပွဲတော်(၂၀၁၉)ကို မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းနဲ့ မြန်မာနိုင်ငံသရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်းပြူလုပ်တာဖြစ်ပါတယ်။ မြန်မာ့သရက်သီးနဲ့သစ်သီးဝလံပန်းမန်၊ ဟင်းသီးဟင်းရွက်တွေ တန်းဝင်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်ရန်၊ မြန်မာ့သရက်ကို ကမ္ဘာက သိရှိစေရန်၊ သရက်သီးစိုက်ပျိုးရာမှာ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရန်စတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုသရက်သီးပွဲတော် ကျင်းပရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စိုက်ပျိုးထုတ်လုပ်သူတွေ၊ ၀ယ်ယူသူတွေနဲ့ တင်ပို့ရောင်းချသူတွေအတွက်ခိုင်မာတဲ့ ဈေးကွက်ချိတ်ဆက်မှုဖော်ဆောင်ပေးနိုင်ရန်အတွက် ပြုလုပ်ရတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံသရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။သရက်သီးပွဲတော်မှာ စိန်တစ်လုံး၊ မြကျောက်၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ကွဲစတဲ့ သရက်သီးမျိုးပေါင်း (၁၀၀) ကျော်ပြသထားတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ပြည်တွင်းပြည်ပကုမ္ပဏီတွေက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့စက်ပစ္စည်းတွေ၊ သရက်နဲ့ဆက်စပ်တဲ့ ဆေးပစ္စည်းတွေကိုလည်း ပြသထားပြီး စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာဘာသာရပ် ဆွေးနွေးပွဲတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စိန်တစ်လုံး၊ မြကျောက်၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ အခြားသရက် (ပြည်တွင်း၊ ပြည်ပ)စတဲ့ သရက်သီး (၇) မျိုးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပနေပြီး ပြိုင်ပွဲမှာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အခုကျင်းပနေတဲ့ ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော်(၂၀၁၉)ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နှင့်ဇနီးဒေါက်တာယုယုမေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနဲ့ သရက်စိုက်တောင်သူများ တက်ရောက် ခဲ့ကြပါတယ်။

 

Related News