မေလ(၁၂)ရက်မနက်ပိုင်းကမြန်မာအမျိုးသားလေကြောင်းလိုင်းလေယာဉ်တစ်စီးမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းသက်ရာမှာရှေ့ပိုင်းလေယာဉ်ဘီးမကျသဖြင့်ပုံမှန်မဟုတ်ဘဲဆင်းသက်ခဲ့ရပြီးထိခိုက်ဒဏ်ရရသူမရှိခဲ့ဘူးလို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် MC-Jalux Airport Services မှာတာဝန်ရှိသူတစ်ဦးထံကသိရပါတယ်။

မေလ(၁၂)ရက်နေ့နံနက်(၇)နာရီ(၁၅)မိနစ်မြန်မာအမျိုးသားလေကြောင်းလိုင်းခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တ လေး- ရန်ကုန် ခရီးစဉ်လေယာဉ်အမှတ် Embraer E190 လေယာဉ်ဟာမန္တလေးလေဆိပ်သို့ဆင်းချိန်နံနက်(၈)နာရီ(၁၇)မိနစ် အချိန်လေယာဉ်ဘီးချရာ Nose Landing Gear မကျကြောင်း တွေ့ရှိရသဖြင့် Captain မှ Emergency procedure အရဆောင်ရွက်ရာမှာလည်း Nose Landing Gear သည်ကျမလာဘူးလို့သိရပါတယ်။

ဒါကြောင့် Captain မှလေ ကြောင်းထိန်းမျှော်စင်သို့ Nose Landing Gear ကျမကျကြည့်ပေးပါရန်(၂)ကြိမ် ဝဲပတ်ပျံသန်းပြခဲ့ပြီး လေယာဉ်ဆီကုန်စေရန်ဝဲပတ်ပျံသန်းပြီးနောက် နံနက် (၉)နာရီ(၉)မိနစ်မှာRunway 17အတိုင်း Emergency landing ပြုလုပ်ခဲ့ရာပြေးလမ်းမှာလေယာဉ်ဦးစိုက်အနေအထားနှင့်ရပ်တန့်ခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါလေယာဉ်ခရီးစဉ်မှာ လေယာဉ်အဖွဲ့သား(၇)ဦး၊ ခရီးသည်(၈၂)ဦးပါဝင်ခဲ့ပြီး လေယာဉ် Cabin Crew အဖွဲ့မှ ခရီးသည်များအား Emergency Evacuations Procedures အတိုင်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင်ဆောင်ရွက် နိုင်ခဲ့ပြီးခရီးသည်များ၊လေယာဉ်အဖွဲ့သားများတစ်စုံတစ်ရာထိခိုက်ခဲ့ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းသက်မယ့်အခြားခရီးစဉ်တွေအတွက်အချိန်ကြန့်ကြာမှုမရှိအောင်လေယာဉ်ဖယ်ရွှေ့ဖို့ကိုသက် ဆိုင်ရာအဖွဲ့စည်းအသီးသီးနဲ့အမြန်ဆုံး ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပြည်တွင်းလေကြောင်းလိုင်း(၅)ခု၊တရုတ်လေကြောင်းလိုင်း(၁ဝ)ခုဝန်းကျင်နဲ့ ထိုင်းလေကြောင်းလိုင်း(၃)ခုပျံသန်းပြေးဆွဲနေတယ်လို့ သိရပါတယ်။

 

 

Related News