မေလ(၇)ရက်က ကျရောက်ခဲ့တဲ့ ကမ္ဘာ့ရင်ကြပ်ပန်းနာရောဂါအထိမ်းအမှတ်နေ့  အခမ်းအနားကို မေလ(၁၂)ရက်က ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရင်ကြပ်ပန်းနာရောဂါဟာ လူမျိုးမရွေး၊ အသက်အရွယ်အပိုင်းအခြား မရွေးဖြစ်နေကြတဲ့ ရောဂါတစ်ခုဖြစ်ပြီး မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ရင်ကြပ်ပန်းနာရောဂါနဲ့ ရာသီဥတုအကူးအပြောင်းကြောင့် ဖြစ်တဲ့ ရင်ကြပ်ပန်းနာရောဂါဆိုပြီးရှိတယ်လို့သိရပါတယ်။  ရာသီဥတုအကူးအပြောင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ရင်ကြပ်ပန်းနာရောဂါကတော့ ပျောက်ကင်းအောင်ကုသရလွယ်ကူပေမယ့် မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရင်ကြပ်ပန်းနာရောဂါကတော့ ပျောက်ကင်းအောင်ကုသနိုင်မှုမရှိသေးဘူးလို့ သိရပါတယ်။

ရင်ကြပ်ပန်းနာရောဂါဖြစ်ပွားတဲ့သူများမှာ အသက်အရွယ်အပိုင်းအခြားအရ အသက်(၁၂)အောက်နဲ့အသက်(၁၂)နဲ့ အထက်တွေဟာ ကုသမှုများနေပြီး အသက် (၄၀)အရွယ်မှာလည်း အဖြစ်များနေတဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ရင်ကြပ်ပန်းနာရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့အတွက် ဖုန်မှုန့်တွေ ရှုမိရင်လည်း ဖြစ်တတ်သလို အနံ့စူးရှတဲ့ ခြင်ဆေး၊ ရေမွှေး၊ အမွှေးတိုင်အစရှိတဲ့ အနံ့တွေကို ရှုရှိုက်မိရင်းလည်း ရင်ကြပ်တာဖြစ်ပေါ်လာတတ်တယ်လို့ သိရပါတယ်။ ရင်ကြပ်ပန်းနာရောဂါရှိသူတွေအနေနဲ့ ဆေးလိပ်သောက်သုံးမှုကို ရှောင်ကျဉ်ရမှာဖြစ်ပြီး ဆေးလိပ်သောက် သုံးမှုကြောင့် ရင်ကြပ်ပန်းနာဆေးမတိုးတော့တာတွေကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရင်ကြပ်ပန်းနာရောဂါဖြစ်ပွားမှုနှုန်းက လူအယောက်(၁၀၀)မှာ (၅)ယောက်နဲ့ အထက်ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ရင်ကြပ်ပန်းနာရောဂါအထိမ်းအမှတ်နေ့ အခမ်းအနားက သိရပါတယ်။ ယခုပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ရင်ကြပ်ပန်းနာရောဂါ အထိမ်းအမှတ်နေ့ အခမ်းအနားကို Myanmar Thoracic Society က ကြီးမှူးကျင်းပတာဖြစ်ပြီး ယခုအကြိမ်နဲ့ဆို ဒုတိယအကြိမ်မြောက် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။


 

Related News