ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တောကြယ်ရွာမှာရှိတဲ့ မြသပိတ်ရေပြာအိုင်ကို လာရောက် လေ့လာသူများပြား လာတာကြောင့် ဒေသထွက်ပစ္စည်းများ ရောင်းအားကောင်းလာပြီး  ဒေသ ပိုမိုဖွံ့ဖြိုးလာတယ်လို့ သိရပါတယ်။ မြသပိတ်ရေပြာအိုင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တောကြယ်ကျေးရွာမှာတည်ရှိတာပါ။ ဒီရေပြာအိုင်ကို ခရီးသွားပြည်သူတွေ စိတ်ဝင်စားပြီး လာရောက်မှုများပြားလာတာကြောင့် တောကြယ်ကျေးရွာက ပိုမိုဖွံ့ဖြိုးလာပါတယ်။ တောကြယ်ကျေးရွာက ပိုမိုဖွံ့ဖြိုးလာသလို  ခရီးသွားပြည်သူတွေ လာရောက်မှုကလည်း ပိုများပြားလာတာကြောင့် ဒေသခံတွေက ဆိုင်ခန်းတွေဖွင့်လှစ်ပြီး ဒေသထွက်ကုန်တွေဖြစ်တဲ့ ကော်ဖီ၊ နနွင်း၊ ပျားရည်၊ တပင်တိုင်မြနန်း၊ ဒေသထွက်သစ်သီးဝလံတွေနဲ့ လက်ဆောင်ပစ္စည်းတွေက ရောင်းအားကောင်းလာပါတယ်။  

လက်ရှိမှာတော့ ရေပြာအိုင်အနီးမှာ ဆိုင်ခန်းပေါင်း(၄၃)ခန်းရှိပြီး ရပ်ဝေး၊ ရပ်နီးမှလာရောက်လည်ပတ်သူတွေက  ၀ယ်ယူအားပေးကြ တယ်လို့ သိရပါတယ်။ ရပ်ဝေးမှလာရောက်လည်ပတ်သူတွေဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးချိန် တပေါင်းလနဲ့ တန်ခူးလမှာ လာရောက်မှု အများဆုံးဖြစ်ပြီး ဧည့်သည်များတဲ့ ရက်ဆို ကားအစီးရေ (၄၀၀)ကျော်အထိ လာရောက်ကြတယ်လို့ သိရပါတယ်။ ဒ့ါအပြင် ၀ါဆိုလပြည့်နေ့၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်တွေမှာလည်း လာရောက်သူတွေ များပြားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရေပြာအိုင်ကိုရေရှည်တည်တံ့စေဖို့ ရေပြာအိုင်အနီးခြံစည်းရိုးများခတ်ပြီး အများပြည်သူများ လေ့လာနိုင်အောင် လုပ်ဆောင် ပေးထားတယ်လို့ သိရပါတယ်။ ရေပြာအိုင်ရဲ့ အောက်ဖက်မှာ နောင်ပွင့်မယ့် အရိမေတ္တယျမြတ်စွာဘုရား အသုံးပြုမယ့် မြသပိတ်ရှိနေတာကြောင့် ရေပြာနေရတာဖြစ်တယ်လို့ ဒေသခံ ဓနုတိုင်းရင်းသားတွေက ယုံကြည်ကြတယ်လို့ သိရပါတယ်။ ဒီရေပြာအိုင်က ရေတွေဟာ မြေအောက်ကို လျှိုဝင်သွားပြီး တောတွင်းတစ်နေရာမှာ ရေတံခွန်အဖြစ် ပြန်လည်ပေါ်ထွက်လာတဲ့နေရာကိုလည်း နောက်ပိုင်းမှာ ရှာဖွေတွေ့ ရှိခဲ့ပြီး အဲ့ဒီနေရာကို ခရီးသွားတွေ စိတ်ဝင်စားလာအောင်လည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


 

Related News