သင်္ကြန်ကာလအပြီးကနေမေလဒုတိယပတ်အထိ  ပြည်တွင်းရွှေဈေးဟာ တရိပ်ရိပ်မြင့်တက်လာတယ်လို့ ရွှေဘုံသာလမ်းက ရွှေဆိုင်အချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ သကြန်ကာလအပြီးမှာ ပြည်တွင်းရွှေဈေးက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်ဆယ်သိန်းသုံးသောင်းကျော်သာရှိပြီး အဲ့ဒီအချိန်ကစပြီး ပြည်တွင်းရွှေဈေးက တရိပ်ရိပ်မြင့်တက်လာခဲ့ရာ ယခု မေလ(၁၄)ရက်မှာတော့ ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ဆယ်သိန်းငါးသောင်းခုနှစ်ထောင် အထိပေါက်ဈေးရှိလာတယ်လို့သိရပါတယ်။ အခုလိုပြည်တွင်းရွှေဈေး တရိပ်ရိပ်မြင့်တက်လာရတာဟာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာကြောင့်ပါဝင်သလို ပြည်တွင်းဒေါ်လာဈေးကလည်း တစ်ဒေါ်လာကို အမေရိကန်ဒေါ်လာ (၁၅၀၀)ထိ မြင့်တက်လာတာကြောင့်လည်းပါဝင်တယ်လို့သိရပါတယ်။ ပြည်တွင်းရွှေဈေးမြင့်တက်လာတဲ့အတွက် ရွှေဝယ်ယူသူတွေအနေနဲ့ တစ်ပဲသား၊ (၅)မူးသားရွှေထည်ပစ္စည်းတွေကိုသာ ၀ယ်ယူကြပြီး ယခင်ကလို ရွှေအတုံးအခဲ ၀ယ်ယူစုဆောင်းသူတွေ နည်းပါးလာတယ်လို့သိရပါတယ်။

မနှစ်ကမေလမှာ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ် (၈)သိန်းကျော်ရှိခဲ့ပေမယ့် ယခု(၂၀၁၉)ခုနှစ်မေလမှာတော့  ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်းအထက်မှာရှိနေတာပါ။  ရွှေဆိုင်တွေအရောင်းအ၀ယ်အေးရတဲ့အကြောင်းအရင်းမှာ ရွှေဈေးတက်နေတာလည်းပါဝင်ပါတယ်။ ယခင်နှစ်တွေတုန်းက ပြည်တွင်းရွှေဈေးကွက်မှာ သင်္ကြန်ကာလပြီးရင် ရွှေအရောင်းအ၀ယ်သွက်ပေမယ့် ယခုနှစ်သင်္ကြန်ကာလအပြီးမှာတော့ အရောင်းအ၀ယ်အေးနေတယ်လို့သိရပါတယ်။ မေလ(၁၄)ရက်မှာ ပြည်တွင်းရွှေဈေးအနေနဲ့အခေါက်ရွှေတစ်ကျပ်သားကို (၁၀)သိန်းငါးသောင်းခုနှစ်ထောင်ရှိပြီး (၁၅)ပဲရည်တစ်ကျပ်သားကို (၉)သိန်းကိုးသောင်းငါးထောင့်ကိုးရာပေါက်ဈေးရှိတယ်လို့သိရပါတယ်။


 

Related News