မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေးကို မေလ (၁၄)ရက်က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အသစ်ပြင်ဆင်ထားတဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့ အညီ ဟန်ချက်ညီစွာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုလုပ်ငန်းစဉ်များကို ယခုထက်ပိုမို အကောင်အထည်ဖော်ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို နိုင်ငံအတွက် အရေးကြီးတဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူပြီး ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေးကို ဥက္ကဋ္ဌ ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအပါအ၀င် အဆိုပါအဖွဲ့မှာပါဝင်တဲ့ ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြခြင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ကြိုးပမ်းဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက် တွေအပေါ် လိုအပ်ချက်တွေအကြံပြု ဆွေးနွေးခြင်းတွေအပါအ၀င် ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို တင်ပြဆွေးနွေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးအမှုပေါင်း(၁၃၀၃၇)မှုနဲ့  စုစုပေါင်းတရားခံ(၁၈၆၈၁)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 


 

Related News